The network connection is lost.

Banner Image

နွေရာသီအပြောင်းအရွှေ့ကာလမှာ ပရီးမီးယားလိဂ်ကလပ်တွေမှ စုစုပေါင်း ပေါင် ၃ ဘီလီယံကျော် သုံးစွဲခဲ့

ယခုနှစ်နွေရာသီ အပြောင်းအရွှေ့ကာလမှာ ဥရောပထိပ်သီးလိဂ်တွေထဲမှ အင်္ဂလန်ပရီးမီးယားလိဂ်ဟာ ငွေကြေးသုံးစွဲမှု အများဆုံးဖြစ်ခဲ့ပြီး စုစုပေါင်း ပေါင် ၃ ဘီလီယံကျော်အထိ စံချိန်တင်သုံးစွဲခဲ့တယ်လို့ သိရပါတယ်။ အပြောင်းအရွှေ့ကာလနောက်ဆုံးနေ့ရက်မှာ လီဗာပူးဟာ နယူးကာဆယ်တိုက်စစ်မှူး အလက်ဇန်းဒါးအီဆက်ခ်ကို ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၂၅ သန်းနဲ့ခေါ်ယူခဲ့ပြီး နယူးကာဆယ်ကတော့ ဘရန့်ဖို့ဒ်တိုက်စစ်မှူး ရိုအန်ဝစ်ဆာကို ပေါင် ၅၅ သန်းနဲ့ခေါ်ယူခဲ့ပါတယ်။ 

ဒါကြောင့် ယခုနွေရာသီအပြောင်းအရွှေ့ကာလ ပရီးမီးယားလိဂ်ရဲ့ငွေကြေးသုံးစွဲမှုဟာ ပေါင်သန်း ၃ ထောင်ကျော်အထိရှိခဲ့ပြီး ယခင်က အများဆုံးအဖြစ်စံချိန်တင်ထားတဲ့ ၂၀၂၂-၂၃ ရာသီက ပေါင် ၂.၇ ဘီလီယံထက် ပေါင်သန်း ၆၅၀ လောက်အထိ ပိုများခဲ့တာဖြစ်ပါတယ်။ 

Deloitte ရဲ့ဖော်ပြချက်အရ ပရီးမီးယားလိဂ်ကလပ်တွေရဲ့ကစားသမားဝယ်ယူမှုနဲ့ ရောင်းချမှုအကြား ကွာခြားချက်ဖြစ်တဲ့ အသားတင်သုံးစွဲမှုစရိတ်ကလည်း သမိုင်းတစ်လျှောက် အမြင့်ဆုံးအနေနဲ့ ပေါင် ၁.၂ ဘီလီယံအထိရှိခဲ့တယ်လို့သိရပြီး အဆိုပါပမာဏဟာ ပြီးခဲ့တဲ့နွေရာသီကထက် ၁၁၄ ရာခိုင်နှုန်းပိုများခဲ့ပြီး ၂၀၂၂-၂၃ ရာသီကထက်လည်း ၁၃ ရာခိုင်နှုန်းပိုများခဲ့ပါတယ်။ 

ဒါ့အပြင် ယခုနှစ်နွေရာသီ ပရီးမီးယားလိဂ်ရဲ့ငွေကြေးသုံးစွဲမှုပမာဏဟာ ဥရောပထိပ်သီးလိဂ်တွေဖြစ်တဲ့ ဂျာမန်ဘွန်ဒက်စ်လီဂါ၊ စပိန်လာလီဂါ၊ အီတလီစီးရီးအေနဲ့ ပြင်သစ်လီဂူးတို့ရဲ့ စုစုပေါင်းသုံးစွဲမှုမှ ၅၁ ရာခိုင်နှုန်းအထိရှိခဲ့တယ်လို့လည်းသိရပါတယ်။ ပရီးမီးယားလိဂ်မပါဝင်ဘဲ ကျန်တဲ့ လိဂ် ၄ ခုရဲ့စုစုပေါင်းအသားတင်သုံးစွဲမှုစရိတ်ကတော့ ယူရိုသန်း ၉၀ သာ ရှိခဲ့တာလည်းဖြစ်ပါတယ်။

ပရီးမီးယားလိဂ်သာမက ချန်ပီယံရှစ်ကလည်း စုစုပေါင်း ပေါင်သန်း ၂၄၀ အထိသုံးစွဲခဲ့တာကြောင့် ပြီးခဲ့တဲ့ရာသီကထက်  ပေါင် ၉၅ သန်းအထိ ပိုများခဲ့ပါတယ်။ ဒါကြောင့် ပရီးမီးယားလိဂ်မှာ FFP စည်းမျဉ်းစည်းကမ်းတွေနဲ့ ကလပ်တွေရဲ့ ငွေကြေးသုံးစွဲမှုကို တင်းတင်းကျပ်ကျပ်ထိန်းသိမ်းထားပေမယ့် ကိန်းဂဏန်းအချက်အလက်တွေအရ အလယ်အလတ်အသင်းတွေမှာတောင် ကြီးမားတဲ့ဝင်ငွေတွေရှိနေတယ်ဆိုတာ မီးမောင်းထိုးပြသလိုဖြစ်နေပါတယ်။

ယခုနှစ်နွေရာသီ ပရီးမီးယားလိဂ်ရဲ့ငွေကြေးသုံးစွဲမှုအများဆုံးအသင်းကတော့ လက်ရှိချန်ပီယံ လီဗာပူးဖြစ်ပြီး အန်းစလော့ရဲ့အသင်းဟာ စုစုပေါင်း ယူရို ၄၈၃ သန်းအထိအသုံးပြုခဲ့တာဖြစ်ပါတယ်။ လီဗာပူးရဲ့နောက်မှာတော့ ချဲလ်ဆီးက ယူရို ၃၂၈ သန်းနဲ့ရပ်တည်နေပြီး အာဆင်နယ်က တတိယနေရာမှာ ယူရို ၂၉၃ သန်းနဲ့ ရပ်တည်နေပါတယ်။ သို့သော်လည်း ချဲလ်ဆီးဟာ ကစားသမားတွေကိုပြန်လည်ရောင်းချမှုမှ ယူရို ၃၃၂ သန်းအထိပြန်ရခဲ့တာကြောင့် အသားတင်အမြတ်တောင် ပြန်လည်ရရှိခဲ့တယ်လို့သိရပါတယ်။