ပါးလ်မီးရက်စ်စတားနဲ့ ဆွေးနွေးမှုတွေပြုလုပ်နေတဲ့ မန်စီးတီး
သတင်းတွေအရ မန်စီးတီးအသင်းဟာ ပါးလ်မီးရက်စ်စတား ဗစ်တာနဲ့ဆွေးနွေးမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။ ဂွါဒီယိုလာကလည်း အဆိုပါစတားကို အခုဇန်နဝါရီအပြောင်းအရွှေ့မှာ အပြီးသတ်ခေါ်ယူဖို့ တွန်းအားပေးနေတယ်လို့ သိရပါတယ်။ ဒီရာသီစီးတီးဟာ ရုန်းကန်နေရတာဖြစ်ပြီး လိဂ်ပွဲ ၂၀ ပွဲမှာ ၁၀ ပွဲသာ အနိုင်ရရှိထားပြီး အဆင့် ၆ နေရာမှာ ရပ်တည်နေပါတယ်။
အဆိုပါအခြေအနေတွေကြောင့် အခုလာမယ့်ဈေးကွက်ထဲမှာ လူအင်အားဖြည့်တင်းဖို့ ပြင်ဆင်နေပြီး ၃ နေရာလောက်ခေါ်ယူဖွယ်ရှိနေပါတယ်။ ရိုမာနိုရဲ့အဆိုအရ မန်စီးတီးဟာ အခုဆောင်းဈေးကွက်မှာ ပါးလ်မီးရက်စ်စတား ဗစ်တာကို အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။ သတင်းတွေအရ စီးတီးအနေနဲ့ ဗစ်တာအတွက် ပေါင် ၃၃ သန်းလောက်နဲ့ကမ်းလှမ်းဖို့ ပြင်ဆင်နေပြီး ယခင်နည်းပါးတဲ့ကမ်းလှမ်းမှု ၂ ခုကိုတော့ ဘရာဇီးကလပ်ဘက်က ပယ်ချထားခဲ့ပါတယ်။
စီးတီးဟာ အခြားတစ်ဖက်မှာလည်း ဖရန့်ဖတ်စတား အိုမာမာမွတ်ရှ် နဲ့ လန်းစ်နောက်ခံလူ ကူဆာနော့ဗ်တို့ကို ခေါ်ယူဖို့ ချိတ်ဆက်နေပါတယ်။ တကယ်လို့ အခုဆောင်းဈေးကွက်ထဲမှာ လိုအပ်တဲ့ကစားသမားတွေရခဲ့မယ်ဆိုရင် ချန်ပီယံလိဂ် နဲ့ ပရီးမီးယားလိဂ်မှာ ရလဒ်ကောင်းတွေပြန်လည်ရယူနိုင်ဖို့ ပစ်မှတ်ထားဖွယ်ရှိနေပါတယ်။