
ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ပတ်သက်လို့ အာစင်ဝင်းဂါးရဲ့အဆိုကို တုံ့ပြန်ဖြေရှင်းလာတဲ့ ပိုစတီကိုဂလူ
ယူရိုပါလိဂ်ချန်ပီယံတွေကို ချန်ပီယံလိဂ်ဝင်ခွင့် မပေးသင့်ဘူးဆိုတဲ့ အာစင်ဝင်းဂါးရဲ့အကြံပြုမှုကို တုံ့ပြန်တဲ့နေရာမှာ ပိုစတီကိုဂလူက လူတွေကို ရူးသွပ်သွားအောင် တော့တင်ဟမ်အသင်း လုပ်လိုက်မိပြီလို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။
ဖီဖာရဲ့ကမ္ဘာလုံးဆိုင်ရာဘောလုံးအားကစားဖွံ့ဖြိုးတိုးတက်ရေး အကြီးအကဲအဖြစ်တာဝန်ယူထားတဲ့ အာဆင်နယ်နည်းပြဟောင်းအာစင်ဝင်းဂါးက ယူရိုပါလိဂ်ချန်ပီယံအတွက် ချန်ပီယံလိဂ်ဝင်ခွင့်ပေးနေခြင်းကို မေးခွန်းထုတ်ဝေဖန်ခဲ့ပါတယ်။ ပိုစတီကိုဂလူရဲ့တော့တင်ဟမ်အသင်းက ဘိုဒိုဂလင့်ရဲ့ Aspmyra ကွင်း၊ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ဒု-ကျော့ပွဲစဉ်မတိုင်ခင် နှစ်ကျော့ပေါင်းရလဒ် ၃-၁ ဂိုးဖြင့် ပြိုင်ဘက်ကို အသာစီးရရှိနေပါတယ်။
ဒါပေမယ့် သူတို့တွေက ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်-၁၆ နေရာမှာပဲ ရပ်တည်နေသလို ယူရိုပါလိဂ်ဆီမီးဖိုင်နယ်အခြားတွဲဆိုင်းမှာ ဘီလ်ဘာအိုကို သုံးဂိုးပြတ်အနိုင်ယူထားတဲ့ မန်ချက်စတာယူနိုက်တက်ကလည်း တော့တင်ဟမ်ထက်တစ်မှတ်အသာဖြင့် လိဂ်အမှတ်ပေးဇယားအဆင့်-၁၅ နေရာမှာ ရှိနေပါတယ်။ အခုဘောလုံးရာသီ၊ ယူရိုပါလိဂ်ဗိုလ်လုပွဲကို မေ ၂၁ ရက်၊ ဘီလ်ဘာအိုမြို့မှာ ကျင်းပသွားပါလိမ့်မယ်။
လက်ရှိမှာ မန်ချက်စတာယူနိုက်တက်ရော၊ တော့တင်ဟမ်ပါ ပရီးမီးယားလိဂ်မှတဆင့် ဥရောပဝင်ခွင့်ရရှိဖို့ မဖြစ်နိုင်တော့ပေမယ့် ပိုစတီကိုဂလူကတော့ ဝင်းဂါးရဲ့တိုက်တွန်းမှုကို နားလည်မပေးနိုင်ခဲ့ပါဘူး။
နော်ဝေနိုင်ငံမှာရောက်ရှိနေတဲ့ ပိုစတီကိုဂလူက “ ဒါက နှစ်ပေါင်းများစွာကြာ တောက်လောင်နေခဲ့တဲ့ စကားစစ်ထိုးပွဲတစ်ခု ဖြစ်ပါတယ်။ အနည်းဆုံးတော့ လွန်ခဲ့တဲ့ရှစ်ရက်လောက်အတွင်း အတော်လေးကို တောက်လောင်နေခဲ့ပါတယ်။ကျွန်တော်ဖြင့် ဒီလိုတိုက်တွန်းမှုမျိုးကို အရင်တုန်းက ကြားတောင် မကြားမိခဲ့ပါဘူး။ တော့တင်ဟမ်ကတော့ လူတွေကို ရူးသွပ်သွားအောင် လုပ်လိုက်မိပါပြီ။
လူတွေက ဒီကလပ်အသင်းကို ပြဿနာတစ်ခုခုဆီ ဆွဲသွင်းလေ့ရှိပြီး အစဉ်အမြဲလိုလို သူတို့တက်နိုင်သမျှ သေးသိမ်အောင်လုပ်သွားဖို့ ကြိုးစားကြပါတယ်။တော့တင်ဟမ်ဟော့စပါးအသင်းရဲ့မိတ်ဆွေတွေကိုယ်တိုင် ဒါမျိုးလုပ်ရတာ သဘောကျကြပါတယ်။
ဒါက ပြိုင်ပွဲရဲ့စည်းမျဉ်းစည်းကမ်းပါ။ ဘာကြောင့် ဒီစည်းမျဉ်းက အတိတ်မှာ ပြဿနာမဖြစ်ခဲ့ဘဲ အခုမှ ပြဿနာတစ်ခု ဖြစ်နေရတာလဲ? ဘာတွေများ ကွာခြားသွားလို့လဲ? ပြီးခဲ့တဲ့နှစ်၊ ပရီးမီးယားလိဂ်အဆင့်-၅ နေရာမှာ ရပ်တည်တဲ့အသင်းက ချန်ပီယံလိဂ်ဝင်ခွင့် မရရှိပါဘူး။ ဒီနှစ်တော့ ရမှာပါ။ ဒါက ဘာကိုဆိုလိုတာလဲ?”လို့ ပြောပါတယ်။
ယူအီးအက်ဖ်အေက ယူရိုပါလိဂ်ချန်ပီယံတွေအတွက် ချန်ပီယံလိဂ်ဝင်ခွင့်ပေးရမယ်ဆိုတဲ့ စည်းမျဉ်းကို ၂၀၁၄ ခုနှစ်မှာ ချမှတ်ခဲ့ပြီး အာစင်ဝင်းဂါးကတော့ ဒီပေါ်လစီကို သဘောမတွေ့ခဲ့ပါဘူး။ beIN Sports နဲ့ ဆွေးနွေးခန်းမှာ ယူရိုပါလိဂ်ချန်ပီယံအတွက် ချန်ပီယံလိဂ်ဝင်ခွင့်ပေးသင့်သလားဆိုတဲ့ မေးခွန်းကို အာစင်ဝင်းဂါးက “ မပေးသင့်ပါဘူး။ ကောင်းပါပြီ၊ ယူရိုပါလိဂ်ချန်ပီယံအတွက် ချန်ပီယံလိဂ်ဝင်ခွင့် ပေးနေတယ်ဆိုရင်လည်း ဒါ ခင်ဗျားတို့ရဲ့အခွင့်အရေးပါ။ ဒါပေမယ့် ယူရိုပါလိဂ်ချန်ပီယံဆိုတာ ချန်ပီယံလိဂ်ပြိုင်ပွဲအတွက်မဟုတ်ဘဲ ယူရိုပါလိဂ်ပြိုင်ပွဲအတွက်သာ ဖြစ်သင့်ပါတယ်။ သူတို့တွေက ယူရိုပါလိဂ်ပြိုင်ပွဲမှာပဲ ခြေစစ်ပွဲတိုက်ရိုက်အောင်မြင်သင့်ပါတယ်။ အထူးသဖြင့် ချန်ပီယံလိဂ်ဝင်ခွင့်ကို အသင်းငါးခုလောက် ပုံမှန်ရရှိနေတဲ့ လိဂ်တစ်ခုမှာဆိုရင်ပေါ့။ ဒါကြောင့် ကျွန်တော်တို့တွေ ဒီစည်းမျဉ်းကို ပြန်လည်ဆန်းစစ်သင့်နေပါပြီ။ တဖက်မှာလည်း ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့အတွက် ယူရိုပါလိဂ်ကို အာရုံစိုက်ခဲ့တယ်ဆိုတဲ့ ပြောဆိုဝေဖန်မှုတွေလည်း ရှိလာပါလိမ့်မယ်”လို့ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။
အခြားတဖက်မှာလည်း ပိုစတီကိုဂလူက ပထမအကျော့မှာရရှိခဲ့တဲ့ ဒူးဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူရမယ့် မက်ဒီဆင်အနေဖြင့် နော်ဝေမြေဆီ အသင်းနဲ့အတူ မလိုက်ပါနိုင်ဘူးလို့ အတည်ပြုခဲ့ပါတယ်။ ဒါပေမယ့် တိုက်စစ်မှူးဆိုလန်ကီကတော့ အသင်းလူစာရင်းမှာပါဝင်လာလို့ ပွဲကစားနိုင်ခြင်းရှိ၊ မရှိ စောင့်ကြည့်သွားရပါလိမ့်မယ်။