The network connection is lost.
ယနေ့နံနက်ယှဉ်ပြိုင်ခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာ ပိုလန်က တူရကီကို ၂-၁ ဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့ပေမယ့် အသင်းရဲ့အဓိက တိုက်စစ်မှူးလည်းဖြစ်၊ အသင်းခေါင်းဆောင်လည်းဖြစ်တဲ့ ရောဘတ်လီဝန်ဒေါစကီးက ဒဏ်ရာ ရရှိပြီး ပထမပိုင်းမှာပဲ လူစားလဲခဲ့ရတာကြောင့် မကြာမီမှာပဲ ယူရိုပြိုင်ပွဲ ယှဉ်ပြိုင်ရတော့မယ် ပိုလန်အတွက် စိုးရိမ်စရာဖြစ်လာခဲ့ပါတယ်။
ဝါဆောမှာကျင်းပခဲ့တဲ့ ယခုပွဲစဉ်မှာ ဘာစီလိုနာတိုက်စစ်မှူးဟာ ပေါင်ဒဏ်ရာ ရရှိခဲ့ပုံပေါ်ပြီး ပွဲကစားချိန် ၃၂ မိနစ်မှာပဲ လူစားလဲဖို့လိုအပ်ခဲ့တာဖြစ်ပါတယ်။ ပိုလန်အတွက် နောက်ထပ်ပြဿနာတစ်ခုက ပွဲကစားချိန် ၁၂ မိနစ်မှာ တူရကီဘက်ကို အဖွင့်ဂိုးသွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး ဆွီဒါစကီကလည်း ဂိုးသွင်းယူပြီး ၇ မိနစ် အကြာမှာပဲ ခြေကျင်းဝတ်ဒဏ်ရာကြောင့် လူးစာလဲခံခဲ့ရတာဖြစ်ပါတယ်။
ပိုလန်လိုပဲ ယူရိုပြိုင်ပွဲအတွက် ပြင်ဆင်မှုတွေပြုလုပ်နေတဲ့ တူရကီအသင်းက ယခုပွဲစဉ်မှာ ချေပဂိုးတစ်ဂိုးပြန်လည် ရရှိခဲ့ပြီး ရီလ်မက်ဇ်က ၇၇ မိနစ်မှာ သွင်းယူခဲ့ပေမယ့် ပိုလန်အတွက် အနိုင်ဂိုးကို ပွဲပြီးကာနီး မိနစ် ၉၀ မှာ ဇာလူစကီက သွင်းယူပေးခဲ့တာကြောင့် ၂-၁ ဆိုတဲ့ရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။ လာမယ့် တနင်္ဂနွေနေ့မှာတော့ ပိုလန်အသင်းဟာ ၂၀၂၄ ယူရိုအုပ်စုအဆင့်ပွဲစဉ်အဖြစ် ပထမဆုံးပွဲစဉ်ကို နယ်သာလန်နဲ့ ကစားသွားရမှာဖြစ်ပါတယ်။
ယနေ့နံနက်က ယှဉ်ပြိုင်ခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာ နယ်သာလန်ကလည်း နိုင်ပွဲ ရရှိခဲ့ပြီး အိုက်စလန်ကို ရော့တာဒမ်မှာ ၄ ဂိုးပြတ်သွင်းယူခဲ့ပါတယ်။ နယ်သာလန်အတွက် ဂိုးတွေကိုတော့ ဇာဗီဆိုင်မွန်စ်၊ ဗန်ဒိုက်ခ်၊ မေလန်နဲ့ ဝက်ဂ်ဟော့စ်တို့က သွင်းယူပေးခဲ့ကြတာဖြစ်ပါတယ်။ အခြားပွဲစဉ်မှာတော့ ချက်က မြောက်မက်ဆီဒိုးနီးယားကို ၂-၁ နဲ့ အနိုင်ရခဲ့ပြီး ပေါ်တူဂီနဲ့ ရင်ဆိုင်ရမယ့် ယူရိုအုပ်စုအဆင့် ပထမဆုံးပွဲစဉ် မတိုင်ခင် စိတ်ဓာတ်အင်အားမြှင့်တင်နိုင်ခဲ့ပါတယ်။
ချက်အတွက် ဂိုးတွေကို ပက်ထရစ်ရှစ်ခ်နဲ့ ဘာရက်ခ်တို့က ပင်နယ်တီတွေမှတစ်ဆင့် အသီးသီးသွင်းယူပေးခဲ့ကြပြီး မြောက်မက်ဆီဒိုးနီးယားအတွက် ချေပဂိုးတစ်ဂိုးကိုတော့ အလီမီက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။