အောင်ပွဲခံဖို့ပြောကြားခဲ့ပေမယ့် စတာလင်တစ်ယောက် အောင်ပွဲမခံခဲ့ကြောင်း ပိုချက်တီနို ပြောကြား
ချဲလ်ဆီးအသင်းနည်းပြ ပိုချက်တီနိုက စတာလင်ကို အောင်ပွဲခံဖို့မှာကြားခဲ့ပေမယ့် အသင်းဟောင်းနဲ့ပွဲမှာ အောင်ပွဲမခံခဲ့ကြောင်း ပြောကြားလိုက်ပါတယ်။
အင်္ဂလန်သားဟာ စနေနေ့ညတုန်းက အသင်းဟောင်းစီးတီးနဲ့ပွဲမှာ ဦးဆောင်ဂိုးကို သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ စီးတီးအတွက် အဖိုးတန်သရေတစ်မှတ်ကို ရိုဒရီက ရယူပေးနိုင်ခဲ့ပြီး အခုသရေပွဲကြောင့် စီးတီးဟာ ၁ ပွဲကျန် နဲ့ လီဗာပူးအသင်းကို ၄ မှတ်ကွာဟခဲ့ပြီဖြစ်ပါတယ်။
စတာလင်ဟာ ၂၀၁၅ ကနေ ၂၀၂၂ အထိ စီးတီးနဲ့အတူ အောင်မြင်မှု ရယူနိုင်ခဲ့တာဖြစ်ပြီး အခုတော့ ပြိုင်ဘက်အနေနဲ့ ပြန်လည်ရင်ဆိုင်ခဲ့ရကာ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် အောင်ပွဲမခံခဲ့တာဖြစ်ပါတယ်။ ပိုချက်တီနိုက စီးတီးကိုဂိုးသွင်းနိုင်ခဲ့ရင် အောင်ပွဲခံဖို့ သူ့ကိုမှာကြားခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
“ခင်ဗျားအနေနဲ့ မတူညီတဲ့အသင်းအတွက်ကစားပေးချိန်မှာ ခင်ဗျားခံစားချက်ကို ရပ်တန့်လို့ရမှာမဟုတ်ပါဘူး။ ခင်ဗျားအနေနဲ့ အောင်ပွဲခံဖို့ လိုအပ်ပါတယ်။ အခုခင်ဗျားက နောက်ထပ်အသင်းတစ်သင်းအတွက် ကစားပေးနေတာပါ”လို့ ပွဲကြိုသတင်းစာရှင်းပွဲတုန်းက ပိုချက်တီနိုက ပြောကြားခဲ့ပါတယ်။
“အဲ့တာက အရေးကြီးပါတယ်။ သူ့အတွေ့အကြုံရယ် ပြီးတော့ တိုက်စစ်အားသန်ကစားသမားတစ်ဦးအနေနဲ့ ဂိုးသွင်းဖို့ ယုံကြည်မှုလိုအပ်ပါတယ်။ သူက အသင်းအတွက် အလုပ်တကယ်ကြိုးစားပါတယ်။ ခံစစ်လည်းကောင်းကောင်းလုပ်နိုင်သလို အသင်းကို ကူညီဖို့ မှန်ကန်တဲ့နေရာမှာရှိနေပါတယ်။ ဒါ့အပြင် ခံစစ်လိုင်းမှာလည်း ဘန်ချီဝဲလ်ကို ကူညီပေးပါတယ်။ မှန်ပါတယ်။ တကယ့်အရေးပါတဲ့စွမ်းဆောင်ရည်ပါ။ ဒါကြောင့်ပျော်ပါတယ်။ သူက ကျွန်တော်တို့အတွက် အဖိုးတန်သရေတစ်မှတ်ယူပေးနိုင်ခဲ့ပါတယ်”လို့ ပိုချက်တီနိုက ထပ်လောင်းပြောကြားခဲ့ပါတယ်။
အဝေးကွင်းမှာ အဖိုးတန်သရေတစ်မှတ်ရခဲ့ပေမယ့် စတာလင်ကတော့ အဆင့် ၁၀ နေရာမှာ ရပ်တည်နေတာကို စိတ်ပျက်နေပါတယ်။ “အဆုံးသတ်မှာ ကျွန်တော်တို့ ကျေနပ်မိပါတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ ကျွန်တော် အနည်းငယ်စိတ်ပျက်မိပါတယ်။ ကျွန်တော်တို့ နိုင်ပွဲရဖို့ အခွင့်အရေးတွေရခဲ့ပါတယ်။ အဆုံးသတ်ပိုင်းလိုအပ်ချက်ကြောင့် ကျွန်တော်တို့ ၃ မှတ်ပြည့်နဲ့တော့ လွဲချော်ခဲ့ပါတယ်”လို့ အသက် ၂၉ နှစ်သားက ပြောကြားခဲ့ပါတယ်။
ပိုချက်တီနိုက စတာလင်ရဲ့အခုစွမ်းဆောင်ရည်ကို ဆက်ထိန်းထားနိုင်ဖို့ မျှော်လင့်နေပြီး လီဗာပူးနဲ့ပွဲမှာလည်း စွမ်းဆောင်ရည်ကောင်းပြသနိုင်ဖို့ မျှော်လင့်နေပါတယ်။