
ဖူလ်ဟမ်နဲ့ပွဲမှာ တိုက်စစ်မှူးမပါပဲ ကစားရနိုင်တယ်လို့ ပိုချက်တီနို အရိပ်အမြွက်ဆို
ချဲလ်ဆီးအသင်းနည်းပြ ပိုချက်တီနိုက ဖူလ်ဟမ်နဲ့ပွဲမှာ နည်းစနစ်ပိုင်း အပြောင်းအလဲဖြစ်လာနိုင်တယ်လို့ ပြောကြားလိုက်ပါတယ်။ ကစားသမားအခြေအနေဆိုးဝါးတာကြောင့် ချဲလ်ဆီးအသင်းဟာ ဖူလ်ဟမ်နဲ့ပွဲကို တိုက်စစ်မှူးမပါပဲ ကစားရဖွယ်ရှိနေပါတယ်။
အသင်းရဲ့အဓိကတိုက်စစ်မှူး နီကိုလက်စ်ဂျက်ဆင်တစ်ယောက် ပြီးခဲ့တဲ့အပတ်တုန်းက အဝါကတ် ထပ်ထိခဲ့တာကြောင့် ပွဲပယ်ခံရတော့မှာဖြစ်ပြီး ပိုချက်တီနိုအနေနဲ့ နည်းစနစ်ပိုင်းအပြောင်းအလဲလုပ်ရဖွယ်ရှိနေပါတယ်။ ဂျက်ဆင်ဟာ ချဲလ်ဆီးအသင်း တိုက်စစ်ကို ဦးဆောင်နေတဲ့တစ်ဦးတည်းသော ကစားသမားဖြစ်သလို ဖူလ်ဟမ်နဲ့ပွဲကို လွဲချော်တော့မှာဖြစ်ပါတယ်။
“မှန်ပါတယ်။ ကျွန်တော်တို့ တိုက်စစ်မှူးနဲ့ကော တိုက်စစ်မှူးမပါပဲနဲ့ကော ရွေးချယ်စရာတွေရှိအောင်လုပ်နေပါတယ်။ ပွဲအပြီးမှာ လူစာရင်းကို စစ်ဆေးဖို့ လိုအပ်ပါတယ်။ ၄၈ နာရီအပြီးမှာ ဖြစ်လာနိုင်တဲ့အရာတွေရှိပါတယ်။ သူတို့ ဘယ်လိုအခြေအနေဖြစ်နေလဲဆိုတာ ကျွန်တော်ကြည့်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် မတူညီတဲ့ရွေးချယ်စရာတွေလည်း ရှိပါတယ်။ ကောင်းမွန်တဲ့ အရာတွေရှိပါတယ်။ အသင်းပိုင်ရှင် ၊ အားကစားဒါရိုက်တာတွေ နဲ့ ကျွန်တော်နဲ့ကြားမှာ အရမ်းကောင်းတဲ့ဆက်ဆံရေးရှိပါတယ်။ ကျွန်တော်အရင်ကပြောခဲ့သလို အပြောင်းအရွှေ့ပိတ်ချိန်မှာကျွန်တော် ပိုပြီးပါဝင်ဖို့ လိုအပ်ပါတယ်။ ဆုံးဖြတ်ချက်တစ်ခုတိုင်းမှာ ပါဝင်ဖို့ လိုပါတယ်။ ကျွန်တော်တို့ ဇန်နဝါရီမှာ ဘယ်လိုလုပ်မလဲဆိုတာ စဉ်းစားဖို့ လိုအပ်ပါတယ်။ ဘောလုံးက အရမ်းကို အင်အားကြီးပါတယ်။ ဇန်နဝါရီမတိုင်ခင် အချို့အရာတွေ ပြောင်းလဲနိုင်ပါတယ်။ အခုတော့ ကျွန်တော်တို့ အန်ကူကူ ၊ ဘရိုဂျာတို့ပြန်လည်သက်သာအောင် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ အသင်းတိုးတက်လာအောင်လည်း လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အဲ့တာကို စတင်ထားပြီးပါပြီ”လို့ ပိုချက်တီနိုက ပြောကြားခဲ့ပါတယ်။
ဘန်ချီဝဲလ် နဲ့ ရိစ်ဂျိမ်းစ်တို့ကတော့ ဖူလ်ဟမ်နဲ့ပွဲကို လွဲချော်နိုင်ပြီး ပိုချက်တီနိုကတော့ သူတို့ ၂ ဦးစလုံးရဲ့အခြေအနေကို စစ်ဆေးရဦးမယ်လို့ ဆိုပါတယ်။ ပိုချက်တီနိုရဲ့ချဲလ်ဆီး အသင်းဟာ တနင်္လာနေ့မှာ ဖူလ်ဟမ်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။