The network connection is lost.

Banner Image

ဘယ်လင်ဟမ်ညီအစ်ကိုနှစ်ယောက် ထိပ်တိုက်တွေ့ဆုံဖို့ အချိန်တွေကျန်သေးကြောင်း ဒေါ့မွန်နည်းပြပြော

ဒေါ့မွန်နည်းပြ နီကို ကိုဗက်က မွန်တာရေးနဲ့ပွဲစဉ်မှာ အဝါကတ်ပြသခံခဲ့ရတာကြောင့် ရီးရဲလ်မက်ဒရစ်နဲ့ပွဲစဉ်ကိုလွဲချော်သွားမယ့် အသင်းရဲ့ကြယ်ပွင့်ကစားသမားသစ် ဂျို့ဘ်ဘယ်လင်ဟမ်ဟာ အနာဂတ်မှာ သူ့ရဲ့အစ်ကိုဖြစ်သူ ရီးရဲလ်ကွင်းလယ်လူ ဂျုဒ်ဘယ်လင်ဟမ်နဲ့ ထိပ်တိုက်တွေ့ဆုံဖို့ အချိန်တွေကျန်နေသေးကြောင်း ပြောကြားလာခဲ့ပါတယ်။ 

ဗုဒ္ဓဟူးနေ့နံနက်က မွန်တာရေးကို ၂-၁ နဲ့အနိုင်ရခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလား ၁၆ သင်းအဆင့်ပွဲစဉ်မှာ ဂျို့ဘ်ဘယ်လင်ဟမ်ဟာ ပွဲကစားချိန် ၂၈ မိနစ်မှာ ပြိုင်ဘက်ကစားသမား နယ်လ်ဆန်ကို ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် အဝါကတ်ပြသခံခဲ့ရပါတယ်။ ဂျို့ဘ်ဟာ တောင်ကိုရီးယားကလပ် အူလ်ဆန်နဲ့ယှဉ်ပြိုင်ခဲ့တဲ့ အုပ်စုအဆင့်နောက်ဆုံးပွဲစဉ်မှာလည်း အဝါကတ်ပြသခံထားခဲ့ရတာကြောင့် ပြိုင်ပွဲစည်းမျဉ်းအရ တစ်ပွဲပယ်ပြစ်ဒဏ်ကို ကျခံသွားရမှာဖြစ်ပါတယ်။ ဒါကြောင့် ဂျို့ဘ်ဟာ အစ်ကိုဖြစ်သူ ဂျုဒ်ဘယ်လင်ဟမ်နဲ့ယှဉ်ပြိုင်သွားရမယ့် ကွာတားဖိုင်နယ်ပွဲစဉ်ကို ကွင်းဘေးကနေပဲ ကြည့်ရှုခွင့်ရသွားတော့မှာဖြစ်ပါတယ်။ 

မွန်တာရေးကိုအနိုင်ရအပြီး ဒေါ့မွန်နည်းပြ ကိုဗက်က "ဂျို့ဘ်အဝါကတ်ပြသခံလိုက်ရတာ စိတ်ပျက်စရာပါ။ သူကလည်း အဝါကတ်ပြသခံခဲ့ရပေမယ့် နောက်ပွဲအပယ်ခံရမယ်ဆိုတာ သိတဲ့ပုံမပေါ်ပါဘူး။ ပထမပိုင်းအပြီးမှာ အဲဒီအကြောင်းကိုသူသိသွားတော့ အံ့ဩသွားပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

သို့သော်လည်း ကိုဗက်က ဘယ်လင်ဟမ်ညီအစ်ကိုနှစ်ဦး ဘောလုံးလောကမှာ ထိပ်တိုက်တွေ့ဆုံဖို့ အခွင့်အရေးတွေရှိနေသေးကြောင်းကို "သူတို့နှစ်ယောက်က အသက်ငယ်ပါသေးတယ်။ နောက်ရာသီချန်ပီယံလိဂ်မှာ ထိပ်တိုက်တွေ့ဆုံနိုင်သလို၊ အနာဂတ်မှာလည်း ထပ်တွေ့ဖို့ အခွင့်အရေးတွေအများကြီးရှိနေပါတယ်။ ကလပ်ကမ္ဘာ့ဖလားမှာတွေ့တာကတော့ ပိုကောင်းတာမှန်ပေမယ့် အခုတော့ မဖြစ်နိုင်တော့ပါဘူးတစ်ယောက်ယောက်သူ့အနေရာမှာ အစားထိုးဝင်ကစားသွားမှာပါ" လို့ပြောကြားခဲ့ပါတယ်။ 

ဂျို့ဘ်ဟာ ယခုနွေရာသီအတွင်းမှာပဲ ဆန်းဒါးလန်းမှ ဒေါ့မွန်သို့ ယူရို ၃၃ သန်းနဲ့ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။ မွန်တာရေးနဲ့ပွဲမှာ ဂျို့ဘ်ကို လူစားလဲခဲ့ခြင်းနဲ့ပတ်သက်ပြီးတော့လည်း ကိုဗက်က "ကျွန်တော်သူ့ကိုလူစားလဲခဲ့တာ စွမ်းဆောင်ရည်ကျနေလို့မဟုတ်ပါဘူး။နောက်ထပ်အဝါကတ် တစ်ကတ်ထပ်ပြခံရမှာစိုးလို့ပါ။ သူက ဘောလုံးယှဉ်လုတဲ့နေရာမှာ အတော်လေး အင်အားပြင်းထန်ပါတယ်။ ဒါကြောင့် သူအနီကတ်ထိမှာစိုးလို့ လူစားလဲခဲ့တာပါ" လို့ပြောကြားခဲ့ပါတယ်။ 

ဂျို့ဘ်ရဲ့အစ်ကိုဖြစ်သူ ဂျုဒ်ဘယ်လင်ဟမ်ကလည်း ဒေါ့မွန်မှာ ၂၀၂၀ မှ ၂၀၂၃ ခုနှစ်အထိကစားခဲ့သူဖြစ်ပြီး နောက်ပိုင်းမှာ ရီးရဲလ်မက်ဒရစ်သို့ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။ လာမယ့်တနင်္ဂနွေနေ့မှာတော့ ဒေါ့မွန်ဟာ ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ရီးရဲလ်မက်ဒရစ်နဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်လို့ ဘယ်လင်ဟမ်အနေနဲ့လည်း အသင်းဟောင်းနဲ့ ပြန်လည်ရင်ဆိုင်သွားရတော့မှာဖြစ်ပါတယ်။