
ငွေအတွက် ကစားသမားတွေရဲ့ကျန်းမာရေးကို အရဲစွန့်နေတယ်လို့ အင်ဖန်တီနိုကို ပြင်သစ်ကစားသမားအဖွဲ့အစည်းက စွပ်စွဲ
ပြင်သစ်ကစားသမားအဖွဲ့အစည်းက ဖီဖာဘောလုံးအဖွဲ့ချုပ်ဥက္ကဌ အင်ဖန်တီနိုဟာ ငွေအတွက် ဘောလုံးကစားသမားတွေရဲ့ကျန်းမာရေးကို အရဲစွန့်နေတယ်လို့ စွပ်စွဲလိုက်ပါတယ်။ ပြင်သစ်ဘောလုံးအဖွဲ့အစည်းက ဖီဖာဥက္ကဌ အင်ဖန်တီနိုတစ်ယောက် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ကျင်းပခဲ့တဲ့အတွက် ဝေဖန်ခဲ့တာဖြစ်ပါတယ်။
ဖီဖာဥက္ကဌ အင်ဖန်တီနိုအနေနဲ့ ငွေအတွက် ကစားသမားတွေရဲ့ကျန်းမာရေးကို အရဲစွန့်နေတယ်လို့ စွပ်စွဲခဲ့သလို ပီအက်စ်ဂျီဟာ ဒီရာသီ ၆၂ ပွဲမြောက်ကိုကန်ခဲ့ရတာဖြစ်ပါတယ်။ ဒါ့အပြင် ကစားသမားတော်တော်များများဟာ ယူရို ၂၀၂၄ ကြောင့် ပြိုင်ပွဲတွေပိုများပြားနေတာဖြစ်ပါတယ်။ အဆိုပါအနေအထားမှာ ဖီဖာဘက်ကလည်း ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကိုပါ ထပ်မံကျင်းပခဲ့တာကြောင့် ကစားသမားတွေအနေနဲ့ အနားမရတဲ့အခြေအနေမျိုးဖြစ်နေပါတယ်။
နိုင်ငံအများစုရဲ့အလုပ်သမားသဘောတူညီမှုအရ ကစားသမားတွေကို ၃ ပတ်လောက်အနားပေးရမယ်လို့ ပြင်သစ်ဘောလုံးအဖွဲ့အစည်းက ထောက်ပြခဲ့ပါတယ်။ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲက နိုင်ငံအသင်းပွဲစဉ် နဲ့ ကလပ်အသင်းပြိုင်ပွဲတွေက စတင်တော့မယ့်အချိန်မှာ ကျင်းပခဲ့တာကြောင့် ကစားသမားတွေရဲ့စိတ်ပိုင်းဆိုင်ရာ ၊ ဒဏ်ရာပြဿနာအပြင် ကာလရှည်ရုပ်ပိုင်းဆိုင်ရာပြဿနာတွေလည်းရှိလာနိုင်တာဖြစ်ပါတယ်။
“ဒီအခြေအနေတွေက ဘယ်သူ့အတွက်မှအဆင်မပြေပါဘူး။ မှန်ပါတယ်။ အင်ဖန်တီနို နဲ့ သူ့အပေါင်းအပါတွေက ငွေအတွက် ကစားသမားတွေရဲ့ကျန်းမာရေးကို အရဲစွန့်သလိုဖြစ်နေပါတယ်။ ကစားသမားတွေအတွက် ငွေအနည်းငယ်ထပ်ရခဲ့ပေမယ့် ကျန်းမာရေးပိုင်းဆိုင်ရာအပြင် ဒဏ်ရာပြဿနာတွေပါရှိလာနိုင်ပါတယ်။ နိုင်ငံတိုင်းမှာ ကစားသမားတွေကို ၃ ပတ်လောက်နားခွင့်ပေးရမယ့်ဥပဒေရှိပါတယ်။ ကျွန်တော်တို့အဖွဲ့အစည်းအပြင် ဖီဖာပရိုကလည်း အခုလိုအခြေအနေတွေကို ဆန့်ကျင်ခဲ့တာပါ။
ပီအက်စ်ဂျီဆိုရင် အခုတနင်္ဂနွေနေ့မှာ ၆၂ ပွဲမြောက်ကို ကန်ရမှာပါ။ ပြီးတော့လည်း မကြာခင်မှာ ၂၀၂၅ - ၂၆ ရာသီအတွက် ပြင်ဆင်ရဦးမှာပါ။ အခြားလိဂ် ၃ ခုလည်း အတူတူပါပဲ”လို့ ပြင်သစ်ဘောလုံးအဖွဲ့အစည်းက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ မကြာခင်မှာ ဥပဒေကြောင်းအရ ယူအီးအက်ဖ်အေကလပ်တွေဘက်က တရားစွဲဖို့ ပြင်ဆင်နေပြီး အင်ဖန်တီနိုအနေနဲ့ မီဒီယာထက် လက်တွေ့ရင်ဆိုင်ရဖို့များနေပါတယ်။