
အဲဗာတန်နဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ အဆင်သင့်ရှိနေတဲ့ ဂျော်ဒန်ပစ်ဖို့ဒ်
အင်္ဂလန်ဂိုးသမားဂျော်ဒန်ပစ်ဖို့ဒ်က အဲဗာတန်နဲ့အတူ သဘောတူညီမှုတစ်ခုမှာ လက်မှတ်ရေးထိုးဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောကြားခဲ့ပါတယ်။ ပစ်ဖို့ဒ်က နိုင်ငံ့လက်ရွေးစင်တာဝန်ထမ်းဆောင်နေချိန် မာဆေးဆိုဒ်သားတွေနဲ့ လေးနှစ်သက်တမ်းရှိ စာချုပ်သစ်တစ်ရပ်ကို ချုပ်ဆိုနိုင်ဖို့ မျှော်လင့်နေပါတယ်။
သူက “ အဲဗာတန်အသင်းမှာ ကျွန်တော် ဘယ်လောက်အထိပျော်ရွှင်နေသလဲဆိုတာ လူတိုင်း သိကြပါတယ်။ ဒါပေမဲ့ အဲ့ဒီမှာ အရမ်းကြီးသာယာနေလို့တော့ မရပါဘူး။ ကျွန်တော်က နောက်နှစ်ရက်လောက်အထိ အင်္ဂလန်အကြောင်းကိုပဲ အတွေးထဲမှာ ထည့်ထားရပါမယ်။
မနက်ဖြန်မှာ နိုင်ပွဲရယူပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ချင်ပါတယ်။ နောက်တစ်ပွဲပါဝင်ကစားပြီး စီနီယာလက်ရွေးစင်ကစားသမားဘ၀ ပွဲ ၈၀ ပြည့်မြောက်ဖို့လည်း မျှော်လင့်ထားပါတယ်။ ဒါကသာ ကျွန်တော်ရဲ့တစ်ခုတည်းသော အာရုံစိုက်စရာကိစ္စ ဖြစ်ပါတယ်”လို့ ပြောပါတယ်။
သူ့ရဲ့စွမ်းဆောင်ရည်ပိုင်းတည်ငြိမ်မှုနဲ့ပတ်သက်လို့ ပစ်ဖို့ဒ်က “ လေ့ကျင့်တဲ့ပုံစံကိုပဲ အဓိကပြောရပါလိမ့်မယ်။ ကျွန်တော်ကိုယ်တိုင်လည်း အကောင်းဆုံးလေ့ကျင့်နိုင်နေတယ်လို့ ခံစားမိပါတယ်။ တိုးတက်လာဖို့အတွက် လေ့ကျင့်နေပါတယ်။ လေ့ကျင့်ရေးအစီအစဉ်တိုင်းမှာလည်း ရာနှုန်းပြည့်ပါဝင်ပေးဆပ်ပါတယ်။ ပွဲနေ့တစ်ခုအတွက် အကောင်းဆုံးဖြစ်နေစေဖို့ တနင်္လာနေ့မှ သောကြာနေ့အထိ အစွမ်းကုန်လေ့ကျင့်မိတယ်လို့ ထင်ပါတယ်။
ပြီးတော့ ဒီနည်းလမ်းကို ဘယ်တော့မှမပြောင်းလဲပါဘူး။ ဒါ အလုပ်ဖြစ်တယ်လို့လည်း ထင်ပါတယ်။ အကောင်းဆုံးမလေ့ကျင့်ရင် ပွဲနေ့အတွက် ရွေးချယ်ခံရဖို့ မရှိဘူးဆိုတဲ့ အတွေးမျိုးကိုလည်း လူငယ်ကစားသမားဘဝမှာကတည်းက စိတ်ထဲမှာ ရိုက်သွင်းထားခဲ့ပါတယ်။ ဒီလိုစိတ်နေစိတ်ထားမျိုးကို ဘယ်တော့မှ မပြောင်းလဲခဲ့ပါဘူး။ ကျွန်တော်ဆီမှာ အဲ့ဒီလိုစိတ်ဓါတ်ပိုင်းရှိပါတယ်။ ကျွန်တော့်ရဲ့ကစားဟန်အတိုင်းပဲ လေ့ကျင့်ပါတယ်။ အပြောလွယ်ပေမဲ့ လုပ်ခဲ့ပြီးပြီလို့ ခံစားရတဲ့ ကိစ္စအချို့လည်း ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က လိုအပ်သမျှအရာရာတိုင်းကို ဖြည့်ဆည်းထားခဲ့လို့ပဲ ဖြစ်ပါတယ်”လို့ ပြောပါတယ်။