
ဂိုးသမားနေရာနဲ့ပတ်သက်လို့ မထင်မှတ်စရာနောက်ဆုံးအခြေအနေအကြောင်း ဖွင့်ဟခဲ့တဲ့ ပက်ဂွါဒီယိုလာ
အီဒါဆန်ထွက်ခွာမယ့်သတင်းတွေထွက်ပေါ်နေချိန်မှာပဲ မန်စီးတီးအသင်းရဲ့မရေမရာဖြစ်နေတဲ့ ဂိုးသမားနေရာနဲ့ ပတ်သက်လို့ အံ့အားသင့်ဖွယ်သတင်းစကားတစ်ခုကို ပက်ဂွါဒီယိုလာက ဖွင့်ဟလာခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်း မန်စီးတီးအသင်းရဲ့ဂိုးသမားနေရာက ဒဏ်ရာပြဿနာအပြင် အမှားအယွင်းတွေ ကျူးလွန်လေ့ရှိတဲ့ အီဒါဆန်နဲ့အတူ အရံဂိုးသမားအော်တေဂါရဲ့မတည်ငြိမ်တဲ့လက်စွမ်းပိုင်းတို့ကြောင့် မရေမရာအခြေအနေအောက်မှာ ရောက်ရှိနေခဲ့ပါတယ်။ ဒါကြောင့်ပဲ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရှစ်ကြိမ်တိုင်ရရှိခဲ့ဖူးသူတွေက ပေါ်တိုရဲ့ဒီယိုဂိုကော်စတာ၊ အက်စ်ပန်ညိုရဲ့ဂျိုအမ်ဂါစီယာတို့ကို ချိတ်ဆက်မှုတွေ ရှိလာခဲ့ပါတယ်။
အီဒါဆန်ကိုယ်တိုင်လည်း ပြီးခဲ့တဲ့နှစ်၊ နွေရာသီကာလမှာကတည်းက ဆော်ဒီပရိုလိဂ်ကလပ်အသင်းများစွာရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပြီး ဘရာဇီးသားအတွက် ကမ်းလှမ်းမှုတွေ ထပ်ရှိလာနိုင်တယ်လို့ မျှော်လင့်ရပါတယ်။ ဒါ့အပြင် အော်တေဂါရဲ့စာချုပ်သက်တမ်း နောက်ဆုံးနှစ်ဆီ ဝင်ရောက်လာပေမယ့် စာချုပ်သက်တမ်းတိုးမြှင့်ဖို့ နီးစပ်တဲ့အရိပ်အယောင် မမြင်တွေ့ရသေးပါဘူး။ ဒါပေမယ့် လာမယ့်ဘောလုံးရာသီမတိုင်ခင်အထိ ဂိုးသမားနေရာနဲ့ပတ်သက်ပြီး အပြောင်းအလဲမြင်တွေ့ရဖို့ မမျှော်လင့်နိုင်သေးဘူးလို့ ပက်ဂွါဒီယိုလာက ရှင်းပြခဲ့ပါတယ်။
သတင်းမီဒီယာတွေနဲ့တွေ့ဆုံချိန် ပက်ဂွါဒီယိုလာက “ ဂိုးသမားတွေရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်လို့ ကျွန်တော်လည်း မသိပါဘူး။ ကျွန်တော်ကတော့ သူတို့ကို အသင်းမှာဆက်ရှိနေဖို့ ပြောထားပါတယ်။ အသင်းလူစာရင်းပိုင်းနဲ့ပတ်သက်လို့ ကျွန်တော်တို့ ပြောခဲ့ပြီးပါပြီ။ ကျွန်တော်တို့အသင်းမှာ ဂိုးသမားနှစ်ဦး ဆက်ရှိနေပါလိမ့်မယ်”လို့ ပြောပါတယ်။
အက်စ်ပန်ညိုဂိုးသမားဂါစီယာနဲ့ပတ်သက်လို့ ကတ္တလန်သားနည်းပြက “ ဂျိုအမ်ဂါစီယာဆိုတာ တကယ်ကောင်းတဲ့ဂိုးသမားတစ်ဦးပါ။ ဒါပေမယ့် မန်စီးတီးက အပြောင်းအရွှေ့ဈေးကွက်တိုင်းမှာ ကစားသမား ၅၀၀ လောက်နဲ့ ချိတ်ဆက်လေ့ရှိပါတယ်။ သူက အက်စ်ပန်ညိုကစားသမားတစ်ဦးဖြစ်ပြီး ဘာတွေဖြစ်ပျက်နေသလဲဆိုတာ ကျွန်တော် မသိပါဘူး။ ဒါပေမယ့် ဂေါ့ဖ်ရိုက်ချိန်တွေ့ခဲ့တဲ့ အက်စ်ပန်ညိုပရိသတ်တွေကတော့ ဂါစီယာဆိုတာ သာမန်ထက်ထူးခြားတဲ့ ဂိုးသမားတစ်ဦးလို့ ကျွန်တော့်ကို ပြောပြခဲ့ပါတယ်။ ကျွန်တော်တို့ရှိထားတဲ့သတင်းအချက်အလက်တွေကတော့ အရမ်းကောင်းပါတယ်”လို့ ဆက်ပြောပါတယ်။
ပက်ဂွါဒီယိုလာရဲ့အသင်းက လာမယ့်ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ရှိနေပြီး အသင်းအတွက် ပွဲထွက်ဂိုးသမားနေရာကို အီဒါဆန်ကပဲ ဆက်ခံသွားရဖွယ် ရှိပါတယ်။ ဒါပေမယ့် အီဒါဆန်အတွက်ရရှိထားတဲ့ ကမ်းလှမ်းမှုတွေအရ ဘရာဇီးသားရဲ့အနာဂတ်က မန်စီးတီးအသင်းရဲ့စိတ်ဆန္ဒအပေါ်မှာ မူတည်နေပါလိမ့်မယ်။