
ဒီနှစ်ရာသီမှာ အရင်မန်စီးတီးရဲ့ပုံစံကို မြင်ရတော့မှာမဟုတ်ဘူးလို့ ဝန်ခံလိုက်တဲ့ ဂွါဒီယိုလာ
ပက်ဂွါဒီယိုလာက ပရိသတ်တွေအနေနဲ့ ဒီရာသီမှာ ‘ယခင် မန်ချက်စတာ စီးတီး’ ရဲ့ ပုံစံကို ပြန်မမြင်ရတော့မယ့်အကြောင်း ရိုးသားစွာ ဝန်ခံပြောခဲ့ပေမယ့်၊ အနာဂတ်မှာ အသင်းက အကောင်းဆုံး အခြေအနေကို ပြန်ရောက်လာမယ်လို့ ယုံကြည်ချက်ရှိတယ်လို့ ဆိုပါတယ်။ယနေ့နံနက် တော့တင်ဟမ်ကို ၁-၀ ဂိုးနဲ့ အနိုင်ရပြီးတဲ့နောက် ဂွါဒီယိုလာက ကောင်းကောင်း ကစားနိုင်ခဲ့ပေမယ့် အသင်းရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေအကြောင်း ဆွေးနွေးခဲ့ပါတယ်။
အာလင်းဟာလန်းရဲ့ ဒီရာသီမှာ ဂိုး ၂၀ မြောက် ပရီးမီးယားလိဂ်ဂိုးဟာ ပွဲစတင်ပြီး ၁၂ မိနစ်မှာ သွင်းယူခဲ့တာဖြစ်ပြီး၊ ဒီဂိုးက စီးတီးကို အနိုင်ရဖို့ လုံလောက်ခဲ့ကာ အဆင့် ၄ နေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ ပထမပိုင်းမှာ လွှမ်းမိုးမှု ရှိခဲ့ပြီး၊ ဂျယ်ရမီဒိုကူ၊ ဆာဗင်ဟို နဲ့ အိုမာ မာမွတ်ရှ်တို့က ဟာလန်းကို ပံ့ပိုးပေးနေချိန်မှာ တော့တင်ဟမ်အသင်းက ရုန်းကန်နေခဲ့ရပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းမှာ တော့တင်ဟမ်က ပြန်လည် စုစည်းနိုင်ခဲ့ပြီး၊ ဟာလန်းရဲ့ အချိန်ပိုမှာ သွင်းခဲ့တဲ့ ဂိုးကို လက်နဲ့ထိခဲ့တယ်လို့ သတ်မှတ်ခံရပြီး ပယ်ဖျက်ခံခဲ့ရပါတယ်။ ပွဲပြီးဆုံးခါနီး စက္ကန့်ပိုင်းမှာတော့ တော့ရဲ့ လူစားဝင် ကစားသမား ဆားက အနီးကပ်ကနေ ခေါင်းတိုက်ခဲ့ပေမယ့် ဂိုးဘားပေါ်က ကျော်သွားခဲ့လို့ ရွှေရောင် အခွင့်အရေးတစ်ခု လွဲချော်ခဲ့ပါတယ်။
ပထမပိုင်းရဲ့ စွမ်းဆောင်ရည်ဟာ သူ့ရဲ့ ယခင် လွှမ်းမိုးနိုင်တဲ့ စီးတီးအသင်းနဲ့ တူမတူလို့ မေးမြန်းခံရတဲ့အခါ၊ ဂွါဒီယိုလာက “ဒီရာသီမှာ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး။ အရင် စီးတီးအသင်းတော့ မဟုတ်ပါဘူး။ အရင် စီးတီးက အရမ်းကောင်းလွန်းခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ပြန်လာမှာပါ” လို့ တုံ့ပြန်ခဲ့ပါတယ်။
ဂွါဒီယိုလာက လက်ရှိ ကစားသမားအင်အားစုဟာ ပိုငယ်ရွယ်ပြီး ဆက်လက် တိုးတက်ပြောင်းလဲနေတယ်လို့ အသိအမှတ်ပြုခဲ့ပါတယ်။ သူက ဟာလန်း၊ နီကိုဂွန်ဇာလက်ဇ်၊ ခူဆာနော့ဗ် နဲ့ ဂျီဗာဒီအောတို့လို လူငယ်ကစားသမားသစ်တွေကို ချီးကျူးခဲ့သလို၊ ဘာနာဒိုဆေးလ်ဗား၊ ဂမ်ဒိုဂန် နဲ့ ကယ်ဗင် ဒီ ဘရိုင်းတို့လို အတွေ့အကြုံရှိ ကစားသမားတွေရဲ့ အရေးပါမှုကိုလည်း မီးမောင်းထိုးပြခဲ့ပါတယ်။
“ကျွန်တော်တို့မှာ လူငယ်တွေ၊ လူငယ်အသင်းတစ်သင်း ရှိပါတယ်။ ဒါပေမယ့် ဟုတ်ပါတယ်၊ ဒါဟာ အချိန်တစ်ခုရဲ့ မေးခွန်းပါပဲ။ လူငယ်ကစားသမားတွေနဲ့ ခေါ်ယူမှုအသစ်တွေက နောက်လာမယ့် နှစ်အနည်းငယ်မှာ ဒီအသင်းကို ဦးဆောင်ရပါလိမ့်မယ်။”လို့ ဂွါဒီယိုလာက ထပ်ပြောခဲ့ပါတယ်။
VAR ပြန်စစ်ဆေးမှုအပြီး ဘောလုံးကို လက်နဲ့ထိခဲ့တယ်လို့ ဆုံးဖြတ်ခံရလို့ သူ့ရဲ့ ဒုတိယဂိုးကို ပယ်ဖျက်ခံခဲ့ရတဲ့ ဟာလန်းကတော့ စိတ်ပျက်ခဲ့ပေမယ့် ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကို လက်ခံခဲ့ပါတယ်။ “ဒါက အရေးပါတဲ့ ဂိုးတစ်ဂိုးပါ။ ကျွန်တော် လက်နဲ့ထိတယ်လို့ မထင်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ဘာတတ်နိုင်မှာလဲ။ ကျွန်တော်တို့ အနိုင်ရခဲ့တယ်၊ ကျွန်တော် ပျော်ရွှင်ပါတယ်” လို့ သူက ပြောခဲ့ပါတယ်။