
မန်စီးတီးမှာ ပြင်ပဖိအားတစုံတရာ ခံစားနေရတာမျိုး မရှိပါဘူးလို့ ရှင်းပြလိုက်တဲ့ ပက်ဂွါဒီယိုလာ
ဒီနေ့ညပိုင်း၊ ပရီးမီးယားလိဂ်လက်ကျန်ပွဲစဉ်အဖြစ် ဘရန့်ဖို့ဒ်ကို ရင်ဆိုင်ကစားရဖို့ ရှိနေချိန်မှာပဲ မန်စီးတီးနည်းပြပက်ဂွါဒီယိုလာက အမှတ်ပေးချန်ပီယံဆုတိုက်ပွဲ ပိုမိုပြင်းထန်လာပေမယ့် သူ့ရဲ့အသင်းမှာ ပြင်ပဖိအားတစုံတရာ ခံစားနေရတာမျိုး မရှိပါဘူးလို့ ရှင်းပြလိုက်ပါတယ်။ ပရီးမီးယားလိဂ်နောက်ဆုံးကိုးပွဲဆက် ရှုံးပွဲမရှိဖြတ်သန်းထားတဲ့ မန်စီးတီးက အမှတ်ပေးဇယားဦးဆောင်သူ လီဗာပူးနဲ့ လေးမှတ်အကွာ၊ ရမှတ် ၅၃ မှတ်ဖြင့် အဆင့်-၃ နေရာမှာ ရပ်တည်နေပါတယ်။
ဒါပေမယ့် မန်စီးတီးက ဒီနေ့ညပိုင်း၊ ဘရန့်ဖို့ဒ်နဲ့ လိဂ်လက်ကျန်ပွဲစဉ်ကစားရဖို့ ရှိပါတယ်။ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလအတွင်း အိမ်ကွင်းအီတီဟတ်မှာ လက်မြှောက်အရှုံးပေးခဲ့ရဖူးတဲ့ ဘရန့်ဖို့ဒ်ကို ဒီနေ့ညပိုင်းမှာ အနိုင်ယူနိုင်မယ်ဆိုရင် မန်စီးတီးက အမှတ်ပေးဇယားဒုတိယနေရာဆီ တက်လှမ်းလာနိုင်ပါလိမ့်မယ်။
သမိုင်းဝင်ဆုဖလားသုံးလုံးပိုင်ရှင်မန်စီးတီးအနေဖြင့် ဖိအားတွေအောက် ကျရောက်နေသလားဆိုတဲ့ မေးခွန်းကို စပိန်သားနည်းပြက “မဟုတ်ပါဘူး။ ပွဲတိုင်းမှာ ကျွန်တော်တို့အတွက် ဖိအားတွေက ညီတူညီမျှပဲ ဖြစ်ပါတယ်။ ယေဘုယျအားဖြင့် ချဲလ်ဆီးနဲ့ပွဲစဉ်မှာ ပိုပြီးလက်သင့်ခံစရာကောင်းတဲ့ အခြေအနေမျိုး ဖြစ်ခဲ့သင့်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အသင်းရဲ့စံနှုန်းတွေကို ကျွန်တော်သိပါတယ်။ ဒီလိုစံနှုန်းတွေကို ကာလရှည်ထိန်းသိမ်းထားနိုင်ဖို့ဆိုတာ မလွယ်ကူပေမယ့် ကျွန်တော်တို့ လုပ်နိုင်ခဲ့ပါတယ်။ ချဲလ်ဆီးကို သုံးဂိုးပြတ်အနိုင်ရရှိခဲ့မယ်ဆိုရင်လည်း လာမယ့်ပွဲစဉ်မှာ အနိုင်ရလဒ်ဖော်ဆောင်ဖို့ တောက်လောင်နေမှုက အတူတူပဲ ဖြစ်နေပါလိမ့်မယ်”လို့ သတင်းထောက်တွေဆီ ဖြေရှင်းခဲ့ပါတယ်။
အခုလိုအောင်မြင်မှုတွေကို ဆက်လက်စိုက်ထူထားနိုင်ရေး မျှော်လင့်ချက်တွေ ကြီးကြီးမားမားရှိနေချိန်မှာပဲ ပက်ဂွါဒီယိုလာကတော့ မန်စီးတီးအသင်းဟာ ကွင်းတွင်းရလဒ်တွေကိုပဲ အာရုံစိုက်ထားတယ်လို့ ဆိုပါတယ်။
ဘာစီလိုနာနည်းပြဟောင်းက “ပရိသတ်တွေက ကျွန်တော်တို့ဆီမှ တောင်းဆိုမှုတွေ ရှိသလို ကျွန်တော်တို့ကလည်း ဒီတောင်းဆိုမှုတွေနဲ့အတူ ရှင်သန်နိုင်ရပါမယ်။ ဒါက ဘယ်လောက်အထိ ခက်ခဲသလဲဆိုတာ ကျွန်တော်သိပါတယ်။ အရင်ကိုင်တွယ်ဖူးခဲ့တဲ့ အသင်းတွေနဲ့လည်း ဒီလိုအတွေ့အကြုံမျိုး ရှိပါတယ်။ အထူးသဖြင့် ဘာစီလိုနာပေါ့။ ဂုဏ်ယူစရာပါပဲ။ ဒါက ဘာလဲဆိုတာနဲ့ အခုလုပ်နေတဲ့အရာတွေကို ဆက်လုပ်သွားရမယ်ဆိုတာကို ကျွန်တော်တို့ ကောင်းကောင်းသိပါတယ်။ ဒါက ကျွန်တော်တို့ရဲ့အပြုအမူနဲ့ စွမ်းဆောင်ရည်အကြောင်းပဲဖြစ်ပါတယ်။ မဖြစ်နိုင်ဘူးဆိုတာသိပေမယ့် ၉၅ မိနစ်ကြာ ပြီးပြည့်စုံနေဖို့ ကျွန်တော် ပထမဦးဆုံးအနေနဲ့ တောင်းဆိုပါတယ်”လို့ ပြောပါတယ်။
ဒါ့အပြင် ပက်ဂွါဒီယိုလာက အခုရာသီ၊ သူ့အသင်းရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်လို့ ပျော်ရွှင်ကျေနပ်ရတာထက်တောင် ပိုမိုနေပြီလို့ အခိုင်အမာပြောဆိုလိုက်ပါတယ်။
“အက်စတွန်ဗီလာကို ရှုံးနိမ့်ပြီးကတည်းက ပွဲစဉ်တွေကို အနိုင်ရရှိခဲ့သလို ပိုကောင်းအောင် ကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် ဘာတစ်ခုမှ အာမခံပေးလို့ မရပါဘူး။ ဒါပေမယ့် ကျွန်တော်တို့တွေ ဆုဖလားလမ်းကြောင်းမှာ ရှိနေပါသေးတယ်။ ပရိသတ်တွေရဲ့သံသယတွေအပေါ် ကျွန်တော် အပြည့်အဝနားလည်ပေးနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော် မြင်တွေ့နေရတဲ့အရာနဲ့အတူ ကျွန်တော့်အတွက်တော့ ကျေနပ်တာထက်တောင် ပိုနေပါပြီ”လို့ သူက ဆိုပါတယ်။
မန်စီးတီးက ဂရီးလစ်ရှ်၊ ဂျီဗာဒီအောလ်တို့နှစ်ဦးကို ဒဏ်ရာပြဿနာကြောင့် ဆုံးရှုံးထားရပါတယ်။