အက်ဖ်အေဖလားပွဲစဉ်အတွက် လူစာရင်းမှချန်လှပ်ပြီးနောက် ဝေါ်လ်ကာရဲ့အပြောင်းအရွှေ့အခြေအနေကို အသိပေးလာတဲ့ ဂွါဒီယိုလာ
ယနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ အက်ဖ်အေဖလားတတိယအဆင့်ပွဲစဉ်မှာ ဆဲလ်ဖို့ဒ်ကို ၈ ဂိုးပြတ်အနိုင်ယူပြီးနောက် မန်ချက်စတာစီးတီးနည်းပြပက်ဂွါဒီယိုလာက ယခုပွဲစဉ်မှာချန်လှပ်ခဲ့တဲ့ အသင်းရဲ့ဝါရင့်နောက်ခံလူ ကိုင်လ်ဝေါ်လ်ကာနဲ့ပတ်သက်ပြီး အပြောင်းအရွှေ့အခြေအနေကို အသိပေးပြောကြားလာခဲ့ပါတယ်။
ဝေါ်လ်ကာဟာ ယခုရာသီမှာ မန်စီးတီးအတွက်ခြေစွမ်းပြသနိုင်ခြင်းမရှိဘဲ ပွဲထွက်ခွင့်ရဖို့ပင်ရုန်းကန်နေရသော်လည်း အသင်းမှာဆက်လက်နေထိုင်ဖို့ ၂၀၂၆ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေသေးတာဖြစ်ပါတယ်။ ယခုအခါမှာ ဂွါဒီယိုလာက “ကျွန်တော့်အတွက်တော့ ဒီလိုပြောဖို့မလွယ်ပါဘူး။ ဒါကသူပြောရမယ့်စကားတွေပါ။ ဒါပေမယ့်သူက ဒီမှာမရှိပါဘူး။ လွန်ခဲ့တဲ့ ၂ ရက်အကြာက သူက သူ့ရဲ့ကစားသမားဘဝကို နိုင်ငံခြားမှာကုန်ဆုံးလိုကြောင်း ပြောခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၂ နှစ်အကြာ ဖလား ၃ လုံးအောင်မြင်မှုရပြီးချိန်ကလည်း သူ ဘိုင်ယန်မြူးနစ်ကိုသွားဖို့နီးစပ်ခဲ့ပါတယ်။ ဒါပေမယ့် ကမ်းလှမ်းမှုကလုံလောက်မှုမရှိခဲ့ပါဘူး။ ကျွန်တော်တို့အခုလိုအောင်မြင်မှုတွေကို သူမပါဘဲ မရနိုင်ပါဘူး။ သူက အသင်းအတွက်အလွန်အရေးပါခဲ့ပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့နှစ်တွေကတည်းက သူ အခြားနိုင်ငံတစ်ခုမှာသွားကစားဖို့ အကြောင်းပြချက်တွေအများကြီးရှိနေခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်ကတော့ ဒီအသင်းမှာကစားလိုတဲ့ကစားသမားတွေကိုပဲ ကစားခွင့်ပြုသွားမှာပါ” လို့ပြောကြားခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၂ နှစ်အကြာက ဝေါ်လ်ကာဟာ မန်စီးတီးရဲ့လူစာရင်းကနေ ပွဲအများအပြားချန်လှပ်ခံခဲ့ရဖူးပြီး ထိုစဉ်က ဂွါဒီယိုလာဟာ ကစားပုံပြောင်းလဲမှုကြောင့်ဖြစ်တယ်လို့ ဆင်ခြေပေးခဲ့ပါတယ်။ ၂၀၂၃ နွေရာသီမှာ အင်္ဂလန်လက်ရွေးစင်ဟာ ဘိုင်ယန်မြူးနစ်သို့ပြောင်းရွှေ့ဖို့နီးစပ်ခဲ့သေးပေမယ့် မန်စီးတီးနဲ့ပဲ စာချုပ်သက်တမ်းတိုးမြှင့်ခဲ့တာဖြစ်ပါတယ်။
၂၀၁၇ ခုနှစ်မှာ တော့တင်ဟမ်မှ မန်စီးတီးသို့ ပေါင် ၄၅ သန်းနဲ့ပြောင်းရွှေ့လာခဲ့တဲ့ ဝေါလ်ကာဟာ ဂွါဒီယိုလာနဲ့အတူ ပရီးမီးယားလိဂ် ၆ ကြိမ်၊ လိဂ်ဖလား ၄ ကြိမ်၊ အက်ဖ်အေဖလား ၂ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား ၁ ကြိမ်တို့ကိုဆွတ်ခူးရရှိထားပါတယ်။ လက်ရှိအချိန်မှာတော့ ဝေါ်လ်ကာဟာ ဆော်ဒီပရိုလိဂ်ကိုသာဦးတည်နေပြီး ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ အယ်လ်နာဆာအပါအဝင် ဆော်ဒီကလပ်တွေက အသက်-၃၄ နှစ်အရွယ် အင်္ဂလန်သားကို စိတ်ဝင်စားနေကြတာဖြစ်ပါတယ်။