
အင်တာမီလန်မှထွက်ခွာမယ်ဆိုတဲ့ ကောလာဟလတွေကို ငြင်းဆန်ပယ်ချလိုက်တဲ့ ဆီမြွန်နီအင်ဇာဂီ
ပီအက်စ်ဂျီနဲ့ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲမတိုင်ခင် ဆော်ဒီမြေဆီ ပြောင်းရွှေ့မယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေချိန် ဆီမြွန်နီအင်ဇာဂီက သူ့ရဲ့အင်တာမီလန်နည်းပြဘဝအနာဂတ်နဲ့ပတ်သက်လို့ ထင်ကြေးပေးမှုတွေကို ပယ်ချသွားခဲ့ပြီး ဒီကိစ္စကိုဆွေးနွေးဖို့ဆိုတာ ရူးနှမ်းလွန်းရာကျတယ်လို့ ပြောပါတယ်။
အင်တာမီလန်နဲ့ ၂၀၂၆ ခုနှစ်၊ ဇွန်လအထိ စာချုပ်သက်တမ်းရှိနေတဲ့ အသက်-၄၉ နှစ်အရွယ် အီတာလျံသားကို ခေါ်ယူဖို့ ဆော်ဒီပရိုလိဂ်ကလပ်အယ်လ်ဟီလယ်က ငွေလုံးငွေရင်းကြီးကြီးမားမားဖြင့် ချိတ်ဆက်လာတယ်လို့ အီတလီပြည်တွင်းသတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။
၂၀၂၁ ခုနှစ်မှာ အင်တာမီလန်အသင်းကို စတင်တာဝန်ယူခဲ့တဲ့ အင်ဇာဂီက ပြီးခဲ့တဲ့ဘောလုံးရာသီမှာ စီးရီးအေချန်ပီယံဆု ရရှိခဲ့သလို အသင်းကို နောက်ဆုံးသုံးနှစ်အတွင်း ဒုတိယအကြိမ်ချန်ပီယံလိဂ်ဗိုလ်လုပွဲ တက်ရောက်နိုင်အောင် စွမ်းဆောင်ထားနိုင်ပါတယ်။
တနင်္လာနေ့၊ သတင်းထောက်တွေနဲ့တွေ့ဆုံချိန် အင်ဇာဂီက “ နှစ်စဉ်နှစ်တိုင်း အတူတူပါပဲ။ ကျွန်တော် လာဇီယိုမှာရှိနေတုန်းကလိုပဲ အခုအင်တာမီလန်မှာလည်း ထပ်တူထပ်မျှပါပဲ။ ကံကောင်းစွာနဲ့ပဲ ဒီလိုတောင်းဆိုမှုတွေအကုန်လုံးက အီတလီ၊ နိုင်ငံရပ်ခြားနဲ့ ဆော်ဒီဘက်မှ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာ ဒီကိစ္စကိုစဉ်းစားရတာ ရူးနှမ်းရာကျတယ်လို့ ထင်ပါတယ်။ ကျွန်တော်နဲ့အတူ ဆက်ဆံရေးကောင်းတစ်ရပ် တည်ထောင်ထားတယ်လို့ ပြောလို့ရတဲ့ အင်တာမီလန်ဥက္ကဌနဲ့ ပွဲပြီးနောက်ရက်မှာ အတူတကွဆွေးနွေးသွားရပါလိမ့်မယ်။ အင်တာမီလန်ရဲ့ကောင်းကျိုးအတွက် ရည်ရွယ်ပြီးတော့ နှစ်တိုင်းလည်း အမြဲတမ်း ဒီလိုပဲ လုပ်ခဲ့ကြပါတယ်”လို့ ပြောပါတယ်။
အလိုင်းယန့်ဇ်အရီနာမှာ ပီအက်စ်ဂျီနဲ့ရင်ဆိုင်ရမယ့် စနေနေ့၊ဗိုလ်လုပွဲအတွင်း အင်တာမီလန်က ရာသီပိတ်ချိန်၊ နာပိုလီကို ပွတ်ကာသီကာအရေးနိမ့်ကာ စီးရီးအေချန်ပီယံဆုလက်လွှတ်ခဲ့ရတဲ့နာကျင်မှုကို ကုစားသွားနိုင်ဖို့ မျှော်လင့်နေပါလိမ့်မယ်။
အင်ဇာဂီက “ ပြီးခဲ့တဲ့သောကြာနေ့ဟာ လွယ်ကူတဲ့နေ့ရက်တစ်ခု မဟုတ်ဘူးဆိုတာတော့ ခင်ဗျားတို့ ယုံကြည်ပေးကြပါ။ မျိုသိပ်ထားဖို့ အရမ်းခက်ခဲလွန်းတဲ့ ချန်ပီယံလုပွဲတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဘောလုံးမှာ အတိတ်ကိုချည်း ငဲ့ကြည့်နေလို့ မရဘဲ အနာဂတ်ကိုသာ အမြဲတမ်းရှေးရှုရပါတယ်။ ရင်ဘတ်ကိုဖွင့်ထားပြီး ရှေ့ဆီ ချီတက်သွားကြမယ်။
ဒီနေ့တော့ ကောင်လေးတွေနဲ့ အတူပြန်တွေ့ရပြီး အပြင်တစ်နေရာမှာ အတူတကွ စားသောက်ကြပါတယ်။ ကိုမိုနဲ့ပွဲစဉ်အကြောင်း ကျွန်တော် ဆက်မပြောချင်ခဲ့ပါဘူး။ ဒီနေ့တော့ ကျွန်တော် သူတို့ကို ကောင်းမွန်စွာ မြင်တွေ့ခဲ့ရပါတယ်။ ကျွန်တော်တို့အတွက် ရှေ့မှာ ပွဲကြီးပွဲကောင်းတစ်ခု စောင့်ကြိုနေပါပြီ။ ဒါပေမယ့် ဒီအသင်းက ကျွန်တော့်ကို အမြဲတမ်းစိတ်လှုပ်ရှားစေပါတယ်။ လာမယ့်စနေနေ့မှာလည်း အဲ့ဒီလိုမျိုး စိတ်လှုပ်ရှားအောင် ထပ်လုပ်ပြဦးမယ်လို့ ထင်ပါတယ်”လို့ ပြောပါတယ်။
သောကြာနေ့၊ ကိုမိုကို ၂-၀ ဂိုးဖြင့် အနိုင်ယူတဲ့ပွဲစဉ်မှာ အရန်ခုံတန်းပေါ် ရှိနေခဲ့တဲ့၊ ကြွက်သားဒဏ်ရာတစ်ခုကြောင့် စီးရီးအေပွဲစဉ်သုံးပွဲဆက်လွဲချော်ခဲ့တဲ့ အသင်းကပ္ပတိန်တိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်ရဲ့နောက်ဆုံးအခြေအနေကိုလည်း အင်ဇာဂီက ရှင်းပြခဲ့ပါတယ်။
အင်ဇာဂီက “ လော်တာရိုမာတီနက်ဇ် အဆင်ပြေနေပါတယ်။ ကိုမိုနဲ့ပွဲစဉ်ကိုတောင် ပါဝင်ကစားဖို့ အဆင်သင့်ဖြစ်နေခဲ့ပါတယ်။ ကိုမိုနဲ့ပွဲစဉ်တုန်းကလည်း လိုအပ်ချက်တစ်ခုလောက်ရှိလာမယ်ဆိုရင် ကျွန်တော်တို့တွေ အသင်းကပ္ပတိန်ကို ကွင်းတွင်းဆီ စေလွှတ်သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ပွဲစဉ်က ကျွန်တော်တို့အတွက် အကောင်းဆုံးဖြစ်လာနေလို့ ဒီအစီအစဉ်ကို ခေတ္တဆိုင်းငံ့ထားလိုက်ပါတယ်”လို့ ပြောပါတယ်။