ကလပ်ဘရုနဲ့ယှဉ်ပြိုင်သွားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်မတိုင်မီ အသင်းရဲ့ဒဏ်ရာအခြေအနေတွေကို အသိပေးလာတဲ့ ဂွါဒီယိုလာ
မန်ချက်စတာစီးတီးနည်းပြ ပက်ဂွါဒီယိုလာက ကလပ်ဘရုနဲ့ယှဉ်ပြိုင်သွားရမယ့် ချန်ပီယံလိဂ်အုပ်စုအဆင့် နောက်ဆုံးပွဲစဉ်မတိုင်မီ အသင်းရဲ့ ဒဏ်ရာပြဿနာအခြေအနေတွေကို အသိပေးပြောကြားလာခဲ့ပါတယ်။ ကလပ်ဘရုနဲ့ပွဲစဉ်အပြီးမှာလည်း မန်စီးတီးဟာ ခက်ခဲတဲ့ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အာဆင်နယ်နဲ့ကစားဖို့ ရှိနေပါသေးတယ်။
ပြီးခဲ့တဲ့ချန်ပီယံလိဂ်ပွဲစဉ်မှာ မန်စီးတီးဟာ ဂျက်ဂရီးလစ်ရှ်၊ အာလင်းဟာလန်းတို့ရဲ့သွင်းဂိုးတွေနဲ့ ပီအက်စ်ဂျီကို ၂ ဂိုးပြတ်ဦးဆောင်ခဲ့ပြီးမှ ၄ ဂိုးအထိပြန်လည်ခွင့်ပြုခဲ့ရပြီး ရှုံးပွဲကြုံတွေ့ထားတာဖြစ်ပါတယ်။ ဒါကြောင့် မန်စီးတီးဟာ ချန်ပီယံလိဂ်အုပ်စုအမှတ်ပေးဇယားရဲ့ အဆင့် ၂၅ နေရာမှာသာရပ်တည်ထားနိုင်ပြီး ရှုံးထွက် ၁၆ သင်းအဆင့်ကိုတက်ရောက်နိုင်ဖို့ နောက်ဆုံးပွဲစဉ်မှာ ခြေကုန်ထုတ်ရုန်းကန်သွားရမှာဖြစ်ပါတယ်။
လက်ရှိချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ စနစ်အသစ်အရ အုပ်စုအတွင်း ထိပ်ဆုံး ၈ သင်းသာ နောက်တစ်ဆင့်ကို တိုက်ရိုက်တက်ရောက်နိုင်မှာဖြစ်ပြီး အဆင့် ၉ မှ ၂၄ အထိအသင်းတွေကတော့ ပလေးအော့ဖ်ပွဲစဉ်ကစားပြီး အနိုင်ရမှသာ နောက်တစ်ဆင့်ကိုတက်ရောက်နိုင်မှာဖြစ်ပါတယ်။ လက်ရှိမန်စီးတီးနဲ့ယှဉ်ပြိုင်သွားရမယ့် ကလပ်ဘရုဟာ အဆင့် ၂၀ နေရာမှာရပ်တည်နေပြီး နောက်တစ်ဆင့်ကို ပလေးအော့ဖ်နဲ့တက်ရောက်နိုင်ဖို့ အခွင့်အရေးရှိနေတာကြောင့် မန်စီးတီးအနေနဲ့ အနိုင်ရဖို့ အတော်လေးရုန်းကန်သွားရဖို့များပါတယ်။
သို့သော်လည်း လက်ရှိအသင်းရဲ့ဒဏ်ရာပြဿနာကြီးထွားမှုက မန်စီးတီးကို အင်အားလျော့နည်းစေနိုင်ပြီး ဒဏ်ရာစာရင်းထဲမှာ ဂျရယ်မီဒိုကူကလည်း ပါဝင်လာခဲ့တယ်လို့ သိထားရပါတယ်။ ဒိုကူရဲ့အခြေအနေနဲ့ပတ်သက်ပြီး မေးမြန်းမှုပြုလုပ်ရာမှာ ဂွါဒီယိုလာက “အချိန်ခဏတော့ အနားယူသွားရပါမယ်။ဘယ်လောက်ကြာမလဲတော့ တိတိကျကျမသိပါဘူး။ ဒါပေမယ့် ခဏပါပဲ။ လာမယ့်ချန်ပီယံလိဂ်ပွဲစဉ်အတွက်တော့ အဆင်သင့်ဖြစ်မှာမဟုတ်ပါဘူး။ အာဆင်နယ်နဲ့ပွဲစဉ်မှာတော့ ပါဝင်နိုင်ချေရှိပါတယ်” လို့ဖြေကြားခဲ့ပါတယ်။
ချန်ပီယံလိဂ်ပွဲစဉ်ကို ဒိုကူလွဲချော်သွားမှာဖြစ်ပေမယ့် မန်စီးတီးအတွက် အပြုသဘောဆောင်တဲ့သတင်းအဖြစ် နောက်ခံလူ ဂျွန်စတုန်းစ်ကတော့ ဒဏ်ရာကနေသက်သာနေပြီး ကြံ့ခိုင်မှုပြည့်ဝနေတာကြောင့် ပြန်လည်ပါဝင်ကစားနိုင်ပြီဖြစ်ပါတယ်။ စတုန်းစ်အနေနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပွဲထွက်နိုင်ဖို့ရှိသလားလို့မေးမြန်းခဲ့ရာ ဂွါဒီယိုလာက “သေချာပါတယ်။ အသင်းရဲ့နောက်တန်းက ပြဿနာတွေရှိခဲ့ပါတယ်။ ကူဆာနော့ဗ်အနေနဲ့ အသင်းအတွက်ပွဲထွက်ကစားဖို့ အဆင်သင့်မဖြစ်သေးပါဘူး။ အချိန်ယူရပါဦးမယ်။ ချက်ချင်းကြီးကစားဖို့မလွယ်ပါဘူး။ အခြားနိုင်ငံတစ်ခုကနေလာပြီး ချဲလ်ဆီးလိုအသင်းမျိုးကို ချက်ချင်းရင်ဆိုင်ဖို့က ခက်ပါတယ်။ ကူဆာနော့ဗ်နေရာမှာ ကျွန်တော်တို့ဆိုရင်လည်း ဒီလိုပဲဖြစ်မှာပါ”
“ရူဘင်ဒီယက်ဇ်က မကစားနိုင်သေးပါဘူး။ နာသန်အကီလည်း အတူတူပါပဲ။ မန်နူရယ်အကန်ဂျီနဲ့ ဂျွန်စတုန်းစ်တို့ကတော့ ကျွန်တော်တို့ကို ကူညီနိုင်ဖို့ရှိနေလို့ ကံကောင်းပါတယ်။ အသင်းမှာ ယုံကြည်စိတ်ချရတဲ့ကစားသမားတွေရှိနေသလို ဒဏ်ရာပဲရနေတဲ့ ကစားသမားတွေလည်းရှိနေပါတယ်။ စတုန်းစ်အနေနဲ့ ကြံ့ခိုင်မှုအပြည့်အဝပြန်လည်ရရှိလာဖို့ မျှော်လင့်ပါတယ်။ အကီနဲ ဒီးယက်စ်တို့ကိုလည်း တတ်နိုင်သလောက် ပိုမြန်မြန်ကစားနိုင်ဖို့ အချိန်ပေးသွားပါမယ်။ ဒါပေမယ့် လက်ရှိအခြေအနေကတော့ ခက်ခဲပြီးရင်း ခက်ခဲနေတာပါပဲ” လို့ပြောကြားခဲ့ပါတယ်။