The network connection is lost.

Banner Image

ရာသီအစနိုင်ပွဲမရသေးပေမယ့် ပရီးမီးယားလိဂ်ကို ယူနိုက်တက်က ပစ်မှတ်ထားနေတာလို့ နောက်ခံလူ ထုတ်ဖော်ပြောကြား

၂၀၂၅ - ၂၆ ရာသီအစနိုင်ပွဲမရသေးပေမယ့်လည်း မိမိတို့အသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုရယူနိုင်ဖို့ ပစ်မှတ်ထားနေကြောင်း နောက်ခံလူ ဒိုဂူက အခိုင်အမာပြောကြားလိုက်ပါတယ်။
ယူနိုက်တက်ဟာ ဒုတိယမြောက်ပွဲအဖြစ် ဖူလ်ဟမ်ကွင်းမှာ သွားကစားခဲ့ရပေမယ့် နိုင်ပွဲမရခဲ့ပဲ သရေတစ်မှတ်သာရယူနိုင်ခဲ့ပါတယ်။
ဒါ့အပြင် ပထမဆုံးပွဲအဖြစ် အိမ်ကွင်းမှာ အာဆင်နယ်နဲ့ရင်ဆိုင်ရတုန်းကလည်း ၁-၀ နဲ့ အရေးနိမ့်ခဲ့ပါတယ်။ ဖူလ်ဟမ်နဲ့ပွဲကို သရေကျခဲ့တာကြောင့် အာမိုရင်လက်အောက် ယူနိုက်တက်ဟာ လိဂ်ပွဲ ၂၉ ပွဲမှာ ၂၈ မှတ်သာ ရယူနိုင်ခဲ့တဲ့အထိ အခြေအနေဆိုးဝါးခဲ့ပါတယ်။
အာမိုရင်ရဲ့မူလပစ်မှတ်ကတော့ ဥရောပဝင်ခွင့်ဖြစ်ပြီး အသင်းတာဝန်ရှိသူတွေက လာမယ့် ၂၀၂၈ မှာ ချန်ပီယံဆုရယူနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။
ဒါပေမယ့်လည်း ဒိုဂူကတော့ မိမိတို့အသင်းဟာ အခုရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်နိုင်ဖို့ ပစ်မှတ်ထားနေတယ်လို့ ဆိုလိုက်ပါတယ်။
“ကျွန်တော်တို့ ချန်ပီယံဆုပစ်မှတ်ထားနေတာ ၁၀၀% သေချာပါတယ်။ ကျွန်တော်တို့က ယူနိုက်တက်ပါ။ ဒါကြောင့် ကျွန်တော်တို့မှာ ကျွန်တော်တို့ပစ်မှတ်အမြဲတမ်းရှိပါတယ်။ ဒီရာသီမှာ လူတိုင်းသက်သေပြချင်နေပါတယ်။
ကျွန်တော်တို့ ဥရောပပြိုင်ပွဲဝင်ဖို့လိုအပ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အစုအဖွဲ့အနေဲ့ ကွင်းထဲမှာစွမ်းဆောင်ပြဖို့ အသင့်ဖြစ်နေဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ အတူတူ ပျော်ပျော်ရွှင်ရွှင် ၊ အပေါင်းလက္ခဏာ နဲ့  နည်းပြလိုချင်သလိုလုပ်ဆောင်ဖို့ လိုအပ်ပါတယ်”လို့ ဒိုဂူက ပြောကြားခဲ့ပါတယ်။
ယူနိုက်တက်ဟာ လာမယ့်ဗုဒ္ဓဟူးနေ့ညမှာ ဂရင်းစ်ဘီတောင်းအသင်းနဲ့ ကာရာဘောင်ပွဲကစားရမှာဖြစ်ပါတယ်။ အဲ့နောက် ပရီးမီးယားလိဂ်ပွဲအဖြစ် ဘန်လေအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။