The network connection is lost.

Banner Image

မန်စီးတီးကနေ ချဲလ်ဆီးကို ပြောင်းရွှေ့ခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလာတဲ့ ပယ်လ်မာ

ချဲလ်ဆီးအသင်း ကွင်းလယ်လူ ကိုးလ်ပယ်လ်မာက ပြီးခဲ့တဲ့နှစ်နွေရာသီ အပြောင်းအရွှေ့ကာလမှာ ပက်ဂွါဒီယိုလာရဲ့ မန်စီးတီးကနေ စတန်းဖို့ဒ်ဘရစ်ချ်သို့ ပြောင်းရွှေ့ဖြစ်ခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီ ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။

ပယ်မာဟာ ယနေ့နံနက်က နယူးကာဆယ်ကို ၃-၂ နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အကောင်းဆုံး ကစားသမားဖြစ်ခဲ့ပြီး တစ်ဂိုးသွင်းကာ ဂိုးဖန်တီးမှု တစ်ကြိမ်ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလန်လက်ရွေးစင်ကစားသမားဟာ ၁-၁ နဲ့ သရေကျနေချိန်မှာ အသင်းအတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့တာကြောင့် ၂-၁ ဆိုတဲ့အခြေအနေကို ရောက်ရှိစေခဲ့တဲ့အပြင် လူစားဝင်ကစားသမား မူဒရစ်ခ် အတွက်လည်း တစ်ဂိုးဖန်တီးပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ ချဲလ်ဆီး အသင်းသို့ ပြောင်းရွှေ့ဖြစ်ခဲ့ပုံကို ၂၁ နှစ်အရွယ် ကစားသမားက “ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် အပတ်တိုင်းမှာ ပါဝင်ကစားနိုင်ပြီလို့ ယူဆခဲ့လို့ ချဲလ်ဆီးကို ပြောင်းရွှေ့ဖို့ သဘောတူခဲ့တာပါ။ ကျွန်တော့်ရဲ့ကိုယ်ပိုင်အရည်အချင်းကို ပြသချင်ခဲ့ပြီး အခုချဲလ်ဆီးမှာ ပြသထားနိုင်တယ်လို့ ထင်ပါတယ်။ မန်စီးတီးကနေ ထွက်ခွာဖို့က ခက်ခဲတဲ့ ဆုံးဖြတ်ချက်ပါ။ ကျွန်တော် အဲဒီမှာ အသက်-၆ နှစ်အရွယ် ဘောလုံးကန်တတ်စအချိန်ကတည်းက နေထိုင်ခဲ့တာပါ။ အခုတော့ အသင်းနဲ့ဆွေးနွေးမှုတွေပြုလုပ်၊ မိသားစုနဲ့တိုင်ပင်ပြီး ချဲလ်ဆီးကို ပြောင်းရွှေ့ဖြစ်ခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ကွင်းလယ်လူက ချဲလ်ဆီးရဲ့ ရေရှည်အစီအစဉ်တွေနဲ့ပတ်သက်ပြီး သံသယရှိဖို့မလိုဘူးဆိုတာကို အသိပေးလာခဲ့ပါတယ်။ ပယ်မာက “ချဲလ်ဆီးမှာ အရည်အသွေးတွေအများကြီးရှိနေတယ်လို့ထင်ပါတယ်။ ပရိသတ်တွေနဲ့ မီဒီယာတွေမမြင်နိုင်တဲ့ အရာတွေပေါ့။ ဒီပရောဂျက်တွေကြောင့်အသင်းက ပိုကောင်းလာမှာဖြစ်ပြီး နောက်ရာသီမှာမဟုတ်ရင်တောင် ပရောဂျက်ပြီးတဲ့ အချိန်မှာတော့ မြင်တွေ့ရပါလိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။

နယူးကာဆယ်နဲ့ပွဲစဉ်မှာ ၁ ဂိုးသွင်းပြီး ၁ ဂိုး ဖန်တီးနိုင်ခဲ့တာကြောင့် ဒီရာသီ ပရီးမီးယားလိဂ်မှာ ပယ်လ်မာရဲ့ ဂိုးပါဝင်ပတ်သက်မှုဟာ ၁၉ ဂိုးအထိ ရှိသွားပြီဖြစ်ပြီး ပြိုင်ပွဲစုံမှာဆိုရင်တော့ ၂၆ ဂိုးအထိပါဝင်ပတ်သက်ထားနိုင်တာဖြစ်ပါတယ်။ အခုလို အရည်အသွေးကောင်းတွေကို ပိုင်ဆိုင်ထားတဲ့ ပယ်လ်မာအနေနဲ့ ၂၀၂၄ ယူရိုပြိုင်ပွဲမှာ အင်္ဂလန်အသင်းအတွက် ပါဝင်ကစားနိုင်ဖို့ အခွင့်အရေးများလာခဲ့ပြီး အင်္ဂလန်နည်းပြ ဂါရတ်ဆောက်ဂိတ်ကလည်း ယခုပွဲစဉ်ကို လာရောက်ကြည့်ရှုခဲ့တာဖြစ်ပါတယ်။

လာမယ့်တနင်္ဂနွေနေ့မှာတော့ ချဲလ်ဆီးဟာ အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် လက်စတာနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ပယ်လ်မာအနေနဲ့ ပိုချက်တီနိုရဲ့အသင်းမှာ အရေးပါတဲ့ ကစားသမားအဖြစ် ထပ်မံပါဝင်လာဦးမှာဖြစ်ပါတယ်။ ချဲလ်ဆီးအနေနဲ့ လက်စတာကို ကျော်ဖြတ်ပြီး ဆီးမီးဖိုင်နယ်ကို တက်ရောက်သွားနိုင်မယ်ဆိုရင်တော့ ၂ လအတွင်း ဝင်ဘာလေကွင်းကို ၂ ကြိမ် ရောက်ရှိလာမှာဖြစ်ပါတယ်။