The network connection is lost.

Banner Image

အသင်းသစ်နှင့် သဘောတူညီမှု ရရှိခဲ့တာကြောင့် အိုဆီမန်ကို လက်လွှတ်ရတော့မယ့် ချဲလ်ဆီးနှင့် ယူနိုက်တက်

ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့ကာလ အပြီးသတ်တွင် ချဲလ်ဆီးသို့ မပြောင်းရွှေ့နိုင်ခဲ့ပြီးနောက် အိုဆီမန်ဟာ နာပိုလီမှ ဂါလာတာဆာရေးသို့ အငှားဖြင့် ပြောင်းရွှေ့ခဲ့ကာ တူရကီတွင် အောင်မြင်တဲ့ ရာသီတစ်ခုကို ပိုင်ဆိုင်ခဲ့ပါတယ်။ နိုင်ဂျီးရီးယား လက်ရွေးစင်ဟာ ပွဲ ၄၀ တွင် ၃၆ ဂိုး သွင်းယူထားပြီး ဂါလာတာဆာရေးကို တူရကီလိဂ်နှင့် ဖလား နှစ်လုံးစလုံး ဆွတ်ခူးနိုင်ရန် ကူညီပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်က အိုဆီမန်ကို ချဲလ်ဆီးသို့ ပြောင်းရွှေ့ရန် ကြားဝင်ဆောင်ရွက်ပေးခဲ့တဲ့ ဂျွန်အိုဘီမီကယ်က နွေရာသီ အပြောင်းအရွှေ့ကာလမတိုင်မီ တိုက်စစ်မှူးဟာ စတမ်းဖို့ဒ်ဘရစ်ချ်သို့ ပြောင်းရွှေ့လိုဆဲဖြစ်ကြောင်း ခိုင်မာစွာ ပြောကြားခဲ့ပါတယ်။ "ကျွန်တော့်အတွက်တော့ ကလေးဘဝကတည်းက ကလပ်ကို အားပေးခဲ့ပြီး ကျွန်တော်တို့အသင်းအတွက် ကစားပေးချင်တဲ့ ကစားသမားတစ်ဦးကို ကျွန်တော်တို့ မရဘူးဆိုရင် တကယ် ဝမ်းနည်းစရာ ကောင်းပါလိမ့်မယ်" လို့ ချဲလ်ဆီး ကွင်းလယ်လူဟောင်းက ပြီးခဲ့သည့်လက ပြောကြားခဲ့ပါတယ်။

သို့သော်လည်း ဆော်ဒီသတင်းစာ Al-Riyadh ရဲ့ ဖော်ပြချက်အရ အိုဆီမန်က အယ်လ်ဟီလယ်သို့ ပြောင်းရွှေ့ရန် သုံးနှစ်စာချုပ်ကို သဘောတူညီခဲ့ပြီဖြစ်ပါတယ်။ အဆိုပါ သတင်းတွင် ဆော်ဒီ ပရိုလိဂ်အသင်းက လာမည့်လတွင် စတင်မယ့် ကလပ် ကမ္ဘာ့ဖလားအတွက် အိုဆီမန်ကို ၎င်းတို့အသင်းတွင် ပါဝင်စေလိုပြီး နာပိုလီနှင့် ချုပ်ဆိုထားတဲ့ စာချုပ်ပါ ယူရို ၇၅ သန်း (ပေါင် ၆၂.၉ သန်း) စာချုပ်ဖျက်သိမ်းခကို ပေးချေရန် အသင့်ရှိနေကြောင်း ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့နှစ်က အိုဆီမန်ဟာ ပြိုင်ဘက် ဆော်ဒီ ပရိုလိဂ်အသင်း အယ်လ်အာလီသို့ ပြောင်းရွှေ့ရန် ငြင်းဆန်ခဲ့ပြီး အဆိုပါကလပ်ဟာ ဘရန့်ဖို့ဒ်မှ တိုနေးကို ခေါ်ယူချင်ခဲ့တာဖြစ်ပါတယ်။ အယ်လ်ဟီလယ်က ယခုရာသီ ဆော်ဒီပရိုလိဂ်တွင် ဒုတိယနေရာ ရရှိရန် သေချာနေပြီး ကလပ် ကမ္ဘာ့ဖလား Group H တွင် ရီးရဲလ်မက်ဒရစ်၊ အာရ်ဘီဆဲလ်ဘတ်နှင့် ပါချူကာတို့နှင့် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဆော်ဒီအသင်းဟာ ဘရူနို ဖာနန်ဒက်စ်ကို ခေါ်ယူရန် ဆွေးနွေးမှုများ ပြုလုပ်ထားပြီး ယူနိုက်တက် ကပ္ပတိန်အား တစ်ပတ်လျှင် ပေါင် ၇၀၀,၀၀၀ နှင့် တစ်ရာသီလျှင် ပေါင် ၆၅ သန်းအထိ ရရှိမယ့် သုံးနှစ်စာချုပ်ကို ကမ်းလှမ်းခဲ့ပါတယ်။ အယ်လ်ဟီလယ်ဟာ ဖာနန်ဒက်စ်ထံမှ ယခုလကုန်တွင် အဖြေရရှိရန် လိုလားနေပြီး ဇွန်လ ၁၈ ရက်နေ့တွင် ရီးရဲလ်မက်ဒရစ်နှင့် စတင်မယ့် ကလပ် ကမ္ဘာ့ဖလား ကမ်ပိန်းအတွက် သူ့ကို အချိန်မီ ခေါ်ယူလိုနေပါတယ်။