
ဆောက်သမ်တန်ကို ဟက်ထရစ်သွင်းပြီးနောက် ဘဝရဲ့အကောင်းဆုံးရက်သတ္တပတ်ကို ဖြတ်ကျော်နိုင်ခဲ့ကြောင်း ဖွင့်ဟပြောကြားလာတဲ့ အာမက်
သောကြာနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဆောက်သမ်တန်ကို ၃-၁ နဲ့အနိုင်ရရှိပြီးနောက် ယူနိုက်တက်အတွက် ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ တောင်ပံကစားသမား အာမက်ဒီယာလိုက ပွဲအပြီးမှာ ဘဝရဲ့အကောင်းဆုံးရက်သတ္တပတ်ကို ဖြတ်ကျော်နိုင်ခဲ့ကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။
ယခုပွဲစဉ်မှာ ယူနိုက်တက်ဟာ ပွဲကစားချိန် ၈၂ မိနစ်အထိ ဆောက်သမ်တန်ရဲ့ဦးဆောင်ခြင်းကို ခံထားခဲ့ရတာဖြစ်ပြီး အာမက်ရဲ့နောက်ကျဟက်ထရစ်ကြောင့်သာ အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာ ပြတ်သားတဲ့အနိုင်ရလဒ် ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ အာမက်အနေနဲ့ ယူနိုက်တက်နဲ့စာချုပ်သစ်ချုပ်ဆိုပြီး ၇ ရက်အကြာမှာပဲ အခုလို ဟက်ထရစ်သွင်းနိုင်ခဲ့တာကြောင့် ဘဝရဲ့အကောင်းဆုံးရက်သတ္တပတ်ဖြစ်တယ်လို့ ခေါင်းစဉ်တပ်လာခဲ့တာဖြစ်ပါတယ်။
ပွဲအပြီးမှာ အိုင်ဗရီကို့စ်လက်ရွေးစင်က “ဘောလုံးမှာ ယုံကြည်ချက်ရှိဖို့လိုပါတယ်။ကျွန်တော်တို့ ဒီပွဲကိုအနိုင်ရမယ်လို့ ယုံကြည်ခဲ့ကြပြီး အဆုံးထိတိုက်ပွဲဝင်ခဲ့ကြပါတယ်။ ယုံကြည်ချက်အတိုင်း နိုင်ပွဲရခဲ့လို့ အရမ်းပျော်ပါတယ်။ ကျွန်တော်တို့ အာဆင်နယ်နဲ့ လီဗာပူးတို့ကို သရေကစားနိုင်ခဲ့လို့ ယုံကြည်ချက်မြင့်နေခဲ့တာပါ” လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ယူနိုက်တက်နဲ့ စာချုပ်သစ်ချုပ်နိုင်ခဲ့တဲ့အပြင် စီနီယာကစားသမားဘဝပထမဆုံးအကြိမ် ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့အပေါ် အာမက်က “ဒီရက်သတ္တပတ်က ကျွန်တော့်ဘဝရဲ့ အကောင်းဆုံးရက်သတ္တပတ်ဖြစ်မယ်ထင်ပါတယ်။ နိုင်ပွဲရခဲ့လို့အရမ်းပျော်ပါတယ်။ ကျွန်တော်တို့အသင်းက အနိုင်ရဖို့ထိုက်တန်တဲ့အသင်းပါ” လို့ပြောကြားခဲ့ပါတယ်။
အာမက်ဟာ နည်းပြသစ်ရူဘင်အာမိုရင်ရဲ့လက်အောက်မှာ ယူနိုက်တက်အတွက် အလွန်အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်ကစားထားနိုင်ပြီး တောက်လျှောက်ခြေစွမ်းပြသနေတာဖြစ်ပါတယ်။ အသက်-၂၂ နှစ်အရွယ်ကစားသမားဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၁၁ ပွဲမှာ ၅ ဂိုးအထိသွင်းယူပြီး ဂိုးဖန်တီးမှုတွေလည်း ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ ဒါကြောင့် အာမက်ဟာ ဒီရာသီ ယူနိုက်တက်အတွက် အလွန်အရေးပါတဲ့ကစားသမားဖြစ်တယ်ဆိုတာ အငြင်းပွားစရာမလိုတဲ့အခြေအနေမှာရှိနေပါတယ်။
လာမယ့်တနင်္ဂနွေနေ့မှာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘရိုက်တန်ကို အိုးလ်ထရက်ဖို့ဒ်မှာ ဧည့်ခံကစားသွားရမှာဖြစ်ပြီး အာမက်အနေနဲ့ အဆိုပါပွဲစဉ်မှာလည်း အသင်းအတွက် ဂိုးတွေဆက်သွင်းပေးနိုင်မလား စောင့်ကြည့်ရပါမယ်။