The network connection is lost.

Banner Image

ရီးရဲလ်ဘက်တစ်မှထွက်ခွာတော့မယ့်အကြောင်း ကြေညာလာတဲ့ အန်တိုနီ

မန်ချက်စတာယူနိုက်တက်မှ ရီးရဲလ်ဘက်တစ်သို့ အငှားစာချုပ်နဲ့သွားရောက်ကစားနေတဲ့ တောင်ပံကစားသမား အန်တိုနီဟာ ယခုအခါမှာတော့ စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီမို့ အသင်းမှထွက်ခွာတော့မယ့်အကြောင်း ဆိုရှယ်မီဒီယာမှတစ်ဆင့် တရားဝင်အသိပေးလာခဲ့ပါတယ်။ 
အိုးလ်ထရက်ဖို့ဒ်မှထွက်ခွာလာခဲ့ပြီးကတည်းက စပိန်မြေမှာ တောက်ပတဲ့ခြေစွမ်းကို ပြန်လည်ပြသနိုင်ခဲ့တဲ့ ဘရာဇီးသားဟာ ဘက်တစ်နဲ့ ဆက်လက် လက်တွဲမယ်လို့ယူဆခဲ့ပေမယ့် အဆုံးမှာတော့ လမ်းခွဲဖို့သာဖြစ်လာခဲ့ပါတယ်။ 

ဘက်တစ်အနေနဲ့လည်း အန်တိုနီကိုအသင်းမှာ ဆက်လက်ထိန်းသိမ်းလိုပေမယ့် ယူနိုက်တက်က ကစားသမားအတွက် ပေါင်သန်း ၄၀ အထိ တောင်းဆိုနေသလို၊ ကစားသမားရဲ့လစာကလည်း တစ်ပတ်ကို ပေါင် ၂ သိန်းအထိပေးချေရမှာဖြစ်လို့ ဘဏ္ဍာရေးအခြေအနေအရ လက်လွှတ်ဖို့သာ ဆုံးဖြတ်ခဲ့ရပါတယ်။ 

ယခုအခါမှာတော့ ဆိုရှယ်မီဒီယာမှတစ်ဆင့် အန်တိုနီက “ကျွန်တော့်ဘဝရဲ့ အလှပဆုံး အခန်းကဏ္ဍတွေထဲက အခန်းတစ်ခန်းကို ဒီနေ့မှာ ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။ ဒီအသင်းကို စရောက်လာကတည်းက ထူးခြားမှုကိုခံစားခဲ့ရပြီး အိမ်ကိုပြန်ရောက်လာသလိုပါပဲ။ ဒီအသင်းနဲ့အတူ ကျွန်တော်ပျော်ရွှင်မှုတွေပြန်ရခဲ့ပါတယ်”

“ကျွန်တော့်ကို နွေးနွေးထွေးထွေးကြိုဆိုခဲ့ကြလို့ ကျေးဇူးတင်ပါတယ်။ ဘောလုံးကစားရင်း ပျော်ရွှင်မှုကိုပြန်တွေ့ခဲ့တာ ဒီအသင်းကြောင့်ပါပဲ။ အားလုံးကိုကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။  ယူနိုက်တက်ဟာ အန်တိုနီအတွက် ပေါင် ၈၆ သန်းအထိအသုံးပြုခဲ့ရပေမယ့် အသင်းအတွက် အားကိုးလို့မရနိုင်ခဲ့တာကြောင့် အငှားချခဲ့တာဖြစ်ပြီး ဘက်တစ်မှာတော့ ဘရာဇီးသားဟာ ၂၆ ပွဲကစားခဲ့ရာမှာ ၉ ဂိုးအထိသွင်းယူပေးနိုင်ခဲ့ပါတယ်။ 

အန်တိုနီအနေနဲ့ ယူနိုက်တက်သို့ ပြန်လည်ရောက်ရှိလာမှာဖြစ်ပေမယ့် အိုးလ်ထရက်ဖို့ဒ်မှာ ဆက်လက်နေထိုင်သွားဖွယ်မရှိဘဲ နွေရာသီမှာ အသင်းသစ်နဲ့ ချိတ်ဆက်သွားဖွယ်ရှိပါတယ်။ လက်ရှိယူနိုက်တက်ကနေထွက်ခွာဖို့ အလားအလာရှိနေတဲ့ကစားသမားတွေထဲမှာ အန်တိုနီ၊ မားကပ်စ်ရက်ရှ်ဖို့ဒ်နဲ့ ဂါနာချိုတို့ ပါဝင်နေပါတယ်။