
လန်ဒန်ကလပ်အသင်းနဲ့ ဆွေးနွေးမှုတွေပြုလုပ်နေတဲ့ နူနိုဆန်းတို့စ်
သတင်းတွေအရ ဝက်စ်ဟမ်းအသင်းဟာ ဂရေဟမ်ပေါ်တာနေရာအတွက် နော်တင်ဟမ်နည်းပြဟောင်း နူနိုဆန်းတို့စ်နဲ့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။ ပေါ်တာတစ်ယောက် ရလဒ်တွေ ဆက်တိုက်ဆိုးဝါးနေတာကြောင့် အထုတ်ခံရဖို့များနေပြီး နူနိုက သူ့နေရာမှာအစားဝင်ဖို့ ရေပန်းစားနေပါတယ်။ နော်တင်ဟမ်နည်းပြဟောင်းဟာ ယခင်နော်တင်ဟမ်မှာ အသင်းပိုင်ရှင် မာရီနာကစ်နဲ့အဆင်မပြေခဲ့တဲ့နောက် အထုတ်ခံခဲ့ရတာဖြစ်ပါတယ်။
ပေါ်တာရဲ့ဝက်စ်ဟမ်းအသင်းဟာ စနေနေ့တုန်းက ပဲလေ့စ်နဲ့ပွဲမှာ ထပ်မံအရေးနိမ့်ခဲ့ပြီး ပရီးမီးယားလိဂ် ၅ ပွဲမှာ ၄ ပွဲအထိ အရေးနိမ့်ထားခဲ့ပါတယ်။ ဝက်စ်ဟမ်းဟာ တန်းဆင်းဇုန်မှာ ရုန်းကန်နေရသလို ကာရာဘောင်ဖလားပွဲမှာလည်း ဝုဗ်ကိုအရေးနိမ့်ပြီး ထွက်ခွာခဲ့ရပါတယ်။ ပဲလေ့စ်ကိုအရေးနိမ့်ပြီးနောက် ဝက်စ်ဟမ်းတာဝန်ရှိသူတွေက နည်းပြသစ်ရှာဖွေနေပြီး နူနိုနဲ့ဆွေးနွေးနေတယ်လို့ သိရပါတယ်။
တိုင်းမ်စ်သတင်းဌာနကလည်း ဝက်စ်ဟမ်းဟာ ပေါ်တာနေရာမှာ နူနိုနဲ့အစားထိုးဖို့ ပြင်ဆင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဝက်စ်ဟမ်းရဲ့ပစ်မှတ်ထဲမှာ ဝုဗ်နည်းပြဟောင်း ဂယ်ရီအိုနေးလ် ၊ ဘီလစ်တို့လည်း ပါဝင်နေတယ်လို့ သိရပါတယ်။ ဝက်စ်ဟမ်းကင်းထောက်ဟောင်း မိုက်ဘရောင်းကတော့ မော်ရင်ဟိုကို ပေါ်တာနေရာအတွက် ထောက်ခံခဲ့ပေမယ့် ဂန္ထဝင်နည်းပြကြီးဟာ ဘင်ဖီကာအသင်းကိုပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါတယ်။
ဝက်စ်ဟမ်းဟာ လာမယ့်စက်တင်ဘာ ၂၉ ရက်နေ့မှာ အဲဗာတန်အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး ပေါ်တာအနေနဲ့ အနိုင်ရခဲ့မယ်ဆိုရင် နည်းပြနေရာမှာ ဆက်လက်တည်ရှိဖွယ်ရှိနေပါတယ်။