The network connection is lost.

Banner Image

ဘုန်းမောက်အတွက် ဆီမန်ညိုရဲ့နောက်ဆုံးပွဲစဉ် မကစားရသေးဘူးလို့ ဆိုလိုက်တဲ့ နည်းပြအီရာအိုလာ

ဆီမန်ညိုရဲ့အပြောင်းအရွှေ့အတွက် မန်စီးတီးနဲ့ ဘုန်းမောက်အကြား ပေါင် ၆၅ သန်းတန် သဘောတူညီမှုရရှိဖို့ နီးစပ်နေချိန်မှာပဲ နည်းပြအာရီယိုလာက အသင်းအတွက် တိုက်စစ်မှူးရဲ့နောက်ဆုံးပွဲစဉ် လုံးဝမကစားရသေးဘူးလို့ အခိုင်အမာပြောဆိုခဲ့ပါတယ်။

အသက်-၂၅ နှစ်အရွယ် ဂါနာတိုက်စစ်ကစားသမားအတွက် မန်စီးတီးရဲ့လှုပ်ရှားမှု ရှေ့ဆက်တိုးတက်နေပြီး လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း သဘောတူညီမှုရဲ့အသေးစိတ်အချက်အလက်တွေကို အပြီးသတ်ဖို့ ရည်ရွယ်တဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ကလပ်အသင်းနှစ်ခုအကြား ဆီမန်ညိုရဲ့စာချုပ်ဖျက်သိမ်းကြေးပေါင် ၆၅ သန်းကို အသက်သွင်းဖို့ သဘောတူညီထားပြီး ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်တွေ အပြီးသတ်နိုင်ဖို့ တနင်္လာနေ့မှာ မန်ချက်စတာမြို့ဆီ ကစားသမားရဲ့ကိုယ်စားလှယ်တွေ ရောက်ရှိလာခဲ့ပါတယ်။

အင်္ဂါနေ့အထိ ဆွေးနွေးမှုတွေ ဆက်လက်ဖြစ်ပေါ်နေပြီး သတင်းရင်းမြစ်တွေကိုယ်တိုင်ကလည်း လာမယ့်ကြာသပတေးနေ့၊ အပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်မတိုင်ခင် သဘောတူညီမှုရရှိဖို့ နီးစပ်နေပြီလို့ ဖော်ပြခဲ့ပါတယ်။
ဒီနေ့မနက်ပိုင်း၊ ချဲလ်ဆီးနဲ့တစ်ဖက်နှစ်ဂိုးစီသရေကျတဲ့ စတမ်းဖို့ဒ်ဘရစ်ပွဲစဉ်မှာ ပါဝင်ကစားခဲ့သူ ဆီမန်ညိုက ဇန်နဝါရီ ၁ ရက်၊ အပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်တာနဲ့ သူ့ရဲ့အနာဂတ်ကို ဖြေရှင်းသွားဖို့ စိတ်အားထက်သန်နေပါတယ်။ဒါပေမဲ့ အီရာအိုလာကတော့ လာမယ့်စနေနေ့၊ အာဆင်နယ်နဲ့ပွဲစဉ်အတွက် ဆီမန်ညိုပါဝင်ကစားလိမ့်မယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။

BBC Match of the Day အစီအစဉ်နဲ့တွေ့ဆုံချိန် ဘုန်းမောက်နည်းပြက “ ဆီမန်ညိုဆိုတာ ကျွန်တော်တို့အတွက် အလွန်တန်ဖိုးကြီးတဲ့ကစားသမားတစ်ဦးဖြစ်ပြီး သူကိုယ်တိုင်လည်း ကျွန်တော်တို့နဲ့အတူ ဆက်ရှိနေပါလိမ့်မယ်။
ချဲလ်ဆီးနဲ့ပွဲစဉ်က ကျွန်တော်တို့အတွက် သူကစားပေးတဲ့နောက်ဆုံးပွဲစဉ် မဟုတ်ပါဘူး။ လုံးဝမဟုတ်ပါဘူး”လို့ ပြောပါတယ်။

BBC နဲ့နီးစပ်တဲ့သတင်းရင်းမြစ်တွေရဲ့အဆိုအရ ဘုန်းမောက်က ဆီမန်ညိုကို စာချုပ်ဖျက်သိမ်းရေးယန္တရား သက်တမ်းကုန်ဆုံးမယ့် ဇန်နဝါရီ ၁၀ ရက်မတိုင်ခင် ဂန်းနားတွေနဲ့ပွဲစဉ်၊ တော့တင်ဟမ်နဲ့ပွဲစဉ်(ဇန်နဝါရီ ၇ ရက်)တို့မှာ အသင်းအတွက် ပါဝင်ကစားပေးဖို့ လိုလားနေတယ်လို့ သိရပါတယ်။