The network connection is lost.

Banner Image

မိုင်နူး ၆ ပတ်လောက်အထိအနားယူရမယ်လို့ အာမိုရင် အတည်ပြု

မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်မှာ ဒဏ်ရာရခဲ့တဲ့ ကွင်းလယ်လူ ကိုဘီမိုင်နူးဟာ ၆ ပတ်လောက်အထိ အနားယူဖို့လိုအပ်နေကြောင်း အတည်ပြုပြောကြားလာခဲ့ပါတယ်။ ကနဦးက မိုင်နူးအနေနဲ့ ၂ ပတ်လောက်အထိသာအနားယူရမယ်လို့ ယူဆခဲ့ပေမယ့် ယခုအခါ Mail သတင်းဌာနရဲ့ဖော်ပြချက်အရ ကစားသမားဟာ အနည်းဆုံး ၆ ပတ်လောက်အထိကို အနားယူဖို့လိုအပ်နေတာဖြစ်တယ်လို့သိရပါတယ်။ 

တောင်ပံကစားသမား အာမက်ဒီယာလိုနဲ့ ဗဟိုခံစစ်မှူး လီဆန်ဒရိုမာတီနက်ဇ်တို့က ဒဏ်ရာကိုယ်စီနဲ့ ရာသီကုန်အထိ အနားယူရဖို့ရှိနေချိန်မှာ မိုင်နူးကပါ ၁ လခွဲလောက်ထိ အနားယူရမှာဖြစ်လို့ ယူနိုက်တက်အတွက် ပြင်းထန်တဲ့ထိုးနှက်ချက်တွေ ဆက်တိုက်ပေါ်ပေါက်လာတယ်လို့ဆိုရမှာဖြစ်ပါတယ်။  ဒါ့အပြင် နောက်ထပ်အားထားရတဲ့ကစားသမားတွေဖြစ်တဲ့ မန်နူရယ်ယူဂါတီ၊ တိုဘီကိုလီယာနဲ့ လန်နီယိုရိုတို့ကလည်း ယူနိုက်တက်ရဲ့ဒဏ်ရာရကစားသမားစာရင်းထဲမှာ ရောက်ရှိနေကြတာဖြစ်ပါတယ်။ တော့တင်ဟမ်ကိုရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မတိုင်မီမှာ ယူနိုက်တက်ရဲ့ဒဏ်ရာပြဿနာတွေနဲ့ပတ်သက်ပြီး အာမိုရင်က "အာမက်၊ ယူဂါတီ၊ ကိုလီယာနဲ့ မိုင်နူးတို့ ဒဏ်ရာရနေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ ကလေးတွေရှိပါသေးတယ်။ ဒီနေ့မှာ သူတို့ကိုအခွင့်အရေးပေးဖို့ အရန်ခုံထိုင်ခိုင်းထားပါတယ်။ တကယ်ကိုခက်ခဲတဲ့အခြေအနေဖြစ်ပြီး ဒါကိုဖြေရှင်းနိုင်ဖို့ ကြိုးစားသွားပါမယ်" လို့ပြောကြားခဲ့ပါတယ်။ 

တော့တင်ဟမ်နဲ့ပွဲစဉ်မှာ ယူနိုက်တက်ဟာ ကစားသမားမလုံလောက်မှုကြောင့် အသင်းရဲ့လူငယ်ကစားသမား ၈ ဦးဖြစ်တဲ့ ဟီးဗန်း၊ အာမက်စ်၊ ကိုနေး၊ ဟာရီဆန်၊ ဖရက်ဒရစ်ဆန်၊ အိုဘီမာတင်၊ ဖလက်ချာနဲ့ မိုးဟောက်စ်တို့ကို အရန်လူစာရင်းမှာ ထည့်သွင်းခဲ့ရပါတယ်။ ဒါကြောင့် အရန်လူစာရင်းမှာ စီနီယာကစားသမားဆိုလို့ ဗစ်တာလင်ဒီလော့ဖ်တစ်ယောက်သာ ပါဝင်ခဲ့တာဖြစ်ပါတယ်။ 

ဒါ့အပြင် တိုက်စစ်ပိုင်းမှာလည်း ယူနိုက်တက်ဟာ တိုက်စစ်မှူး ၂ ဦးဖြစ်တဲ့ ရက်စ်မွတ်စ်ဟွိုက်လန်းနဲ့ ဂျိုရှူးဝါးဇက်ခ်ဇီတို့ကို တပြိုင်နက်ပွဲထွက်စေခဲ့ပြီး ကစားကွက်တည်ဆောက်ဖို့ကြိုးစားခဲ့ရပါတယ်။