
အသင်းကြီးတွေစိတ်ဝင်စားနေတဲ့ သူတို့စတားအတွက် တန်ကြေးအသစ်သတ်မှတ်လိုက်တဲ့ နယူးကာဆယ်
နယူးကာဆယ်အသင်းက ထိပ်တန်းအသင်းတွေစိတ်ဝင်စားနေတဲ့ သူတို့တိုက်စစ်မှူး အီဆက်ကို တန်ကြေးအသစ်သတ်မှတ်လိုက်ပါတယ်။ ဆွီဒင်သားဟာ ဒီရာသီနယူးကာဆယ်အသင်းနဲ့အတူ စွမ်းဆောင်ရည်ကောင်းတွေပြသနေပြီး ပရီးမီးယားလိဂ် ၂၃ ပွဲမှာ ၁၇ ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အီဆက်က ဂိုးတွေထက်ပိုအောင်ပွဲခံနေဲပြီး သုံးသပ်သူတော်တော်များများကလည်း အင်္ဂလန်ရဲ့အကောင်းဆုံးတိုက်စစ်မှူးအဖြစ် သတ်မှတ်နေကြပါတယ်။
နယူးကာဆယ်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ တိုက်ပွဲဝင်နေရပေမယ့် ကာရာဘောင်မှာတော့ ဖိုင်နယ်ကို တက်ရောက်ထားနိုင်ခဲ့ပါတယ်။ ၂၀၂၂ ဆိုစီဒက်ကနေပြောင်းလာပြီးကတည်းက အီဆက်ဟာ စွမ်းဆောင်ရည်ကောင်းတွေပြသနေပြီး အသင်းကြီးတော်တော်များများက မျက်စိကျနေပါတယ်။ အီဆက်ကို အာတီတာက တော်တော်လေးသဘောကျနေသလို အခြားတစ်ဖက်မှာ လီဗာပူး ၊ ချဲလ်ဆီး ၊ ယူနိုက်တက်တို့ကလည်း မျက်စိကျနေပါတယ်။
ဒါ့အပြင် ဘာစီလိုနာ နဲ့ ရီးရဲလ်တို့ကလည်း ချိတ်ဆက်နေကာ နယူးကာဆယ်အသင်းဘက်က တန်ကြေးအသစ်သတ်မှတ်လာခဲ့တာဖြစ်ပါတယ်။ သတင်းတွေအရ နယူးကာဆယ်ဟာ သူတို့အသင်းစတားအတွက် ပေါင်သန်း ၁၀၀ ကနေ သန်း ၁၃၀ ကြားရမယ်ဆိုရင် ရောင်းချနိုင်တယ်လို့ သိရပေမယ့် ပေါင်သန်း ၁၆၀ အထိ မြင့်တက်နိုင်ချေရှိနေတာဖြစ်ပါတယ်။ နေမာရဲ့စံချိန်က ပေါင် ၁၉၈ သန်းဖြစ်ပြီး ဘာပေရဲ့တန်ကြေးက ပေါင် ၁၆၃ သန်းနဲ့ စံချိန်တင်ထားခဲ့ပါတယ်။ အာဆင်နယ်ဟာ အီဆက်ကို ချိတ်ဆက်နေပြီး ယခင်တုန်းက ဒီကလန်ရိုက်စ်ကို ပေါင် ၁၀၃ သန်းစံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားခဲ့ပါတယ်။
အာဆင်နယ်ဟာ ဆောင်းရာသီဈေးကွက်ထဲမှာ တိုက်စစ်မှူးသစ်ရှာဖွေခဲ့ပေမယ့် အဆုံးသတ်မှာ တစ်ယောက်မှမခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ အခုချိန်မှာလည်း ကိုင်ဟာဗက်ဇ်ကိုပါ လက်လွှတ်ခဲ့ရတာကြောင့် ပရီးမီးယားလိဂ် နဲ့ ချန်ပီယံလိဂ်ဆုဖလား စိန်ခေါ်မှုအတွက် ခက်ခဲဖွယ်ရှိနေပါတယ်။ ချဲလ်ဆီးကလည်း အီဆက်ကို သဘောကျနေတာဖြစ်ပြီး လာမယ့်နွေမှာခေါ်ယူဖို့ ကြိုးပမ်းဖွယ်ရှိနေပါတယ်။ အခြားတစ်ဖက်မှာ လီဗာပူးကလည်း အီဆက်ကို သဘောကျနေသလို ယူနိုက်တက်ကလည်း နောက်ထပ်တိုက်စစ်ပိုင်းကို အားဖြည့်ချင်နေဆဲဖြစ်ပါတယ်။
ဒါပေမယ့် အာမိုရင်က တပည့်ဟောင်းဖြစ်သူ ဂရိုကီရက်စ်ကိုသာ ဦးစားပေးခေါ်ယူနိုင်ချေများနေပါတယ်။ နယူးကာဆယ်အနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့မယ်ဆိုရင် အီဆက်ကို လက်လွှတ်ရဖို့များနေပါတယ်။