The network connection is lost.

Banner Image

ဂီတာဖေးနဲ့သရေကျပြီးနောက် ရလဒ်ကိုစိတ်ပျက်မိကြောင်းပြောကြားလာတဲ့ ဟန်ဆီဖလစ်

ယနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့လာလီဂါပွဲစဉ်မှာ ဂီတာဖေးကို ၁-၁ နဲ့သရေကျခဲ့ပြီးနောက် ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်က အခုလိုအတွေ့အကြုံမျိုး တစ်ခါမှမတွေ့ကြုံခဲ့ဖူးကြောင်းနဲ့ ရလဒ်ကိုစိတ်ပျက်မိကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်သတ္တပတ်က ရီးရဲလ်မက်ဒရစ်နဲ့ ရီးရဲလ်ဘက်တစ်တို့ကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ ဘာစီလိုနာဟာ ယခုအခါမှာတော့ လာလီဂါပွဲစဉ်မှာ ဂီတာဖေးကို အနိုင်မရခဲ့ဘဲ စိတ်ပျက်ဖွယ်သရေရလဒ်သာ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ 

ပွဲအပြီးမှာ ဖလစ်က “ဒီကွင်းထဲမှာ ကျွန်တော့်အတွက် စိတ်ခံစားချက်မျိုးစုံဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့အသင်းရဲ့ကစားဟန်က ဒီနေ့မှာ အတော်လေးရှုပ်ထွေးနေခဲ့ပါတယ်။ ဒီလို အတွေ့အကြုံမျိုး အရင်က မကြုံဖူးခဲ့ပါဘူး။ ဒီနေ့ရလဒ်အပေါ် ကျွန်တော်မကျေနပ်ပါဘူး။ လာမယ့်ပွဲစဉ်မှာတော့ အပြုသဘောဆောင်တဲ့ရလဒ်မျိုး ဖန်တီးနိုင်ဖို့ ကြိုးစားသွားပါမယ်”


“အခုချိန်မှာ ကျွန်တော်မကျေမနပ်ဖြစ်နေပါတယ်။ ဒီပွဲကို အနိုင်ရချင်ခဲ့ပြီး အခွင့်အရေးတွေလည်းရခဲ့ပေမယ့် အခုတော့ စိတ်ပျက်နေရပါပြီ။ ဂီတာဖေးလိုအသင်းကို  အဝေးကွင်းမှာကစားရတာ ခက်ခဲတယ်ဆိုတာလည်း သိခဲ့ရပါတယ်။ ခံစစ်အတော်လေးကောင်းပြီး ကျွန်တော်တို့တိုက်စစ်ကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ဦးဆောင်ဂိုးရခဲ့ပေမယ့် အနိုင်ရလဒ်ကို မထိန်းသိမ်းနိုင်ခဲ့ပါဘူး။ ကြိုးစားအားထုတ်ခဲ့ပေမယ့် အနိုင် ၃ မှတ်နဲ့ဝေးကွာခဲ့ပါတယ်။ ဒီပွဲရဲ့ရလဒ်ကို လက်ခံပြီး လာမယ့်ချန်ပီယံလိဂ်ပွဲစဉ်အတွက် ပြင်ဆင်သွားပါမယ်။ ရာသီကုန်ဖို့ အများကြီးလိုပါသေးတယ်။ ရှေ့ကိုဆက်လျှောက်နိုင်ဖို့ ကြိုးစားသွားရပါမယ်” လို့ပြောကြားခဲ့ပါတယ်။ 

လာမယ့်ချန်ပီယံလိဂ်ပွဲစဉ်မှာတော့ ဘာစီလိုနာဟာ ဘင်ဖီကာနဲ့ယှဉ်ပြိုင်သွားမှာဖြစ်ပြီး အနိုင်ရလဒ်ကို ပြန်လည်ပုံဖော်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။