The network connection is lost.

Banner Image

ယူရိုကနေ ထွက်ခွာခဲ့ပြီးနောက် ဂျာမနီလူစာရင်းကို ဘာပြောခဲ့လဲဆိုတာကို ထုတ်ဖော်ပြောကြားလိုက်တဲ့ နာဂယ်စမန်း

စပိန်ကို ကွာတားဖိုင်နယ်မှာ စိတ်လှုပ်ရှားမှုဆန်ဆန်အရေးနိမ့်ပြီးထွက်ခွာခဲ့ရပြီးနောက် ဂျာမနီနည်းပြ နာဂယ်စမန်းက အသင်းသားတွေကို သူဘာပြောခဲ့လဲဆိုတာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

စပိန်အတွက် ဦးဆောင်ဂိုးကို ပွဲကစားချိန် ၅၁ မိနစ်မှာ ဒန်နီအိုလ်မိုက သွင်းယူပေးခဲ့ပြီး ဂျာမနီအတွက် ချေပဂိုးကို ဝီရက်ဇ်က သွင်းယူပေးခဲ့ပါတယ်။

အဲ့နောက် အချိန်ပိုကနေ ပင်နယ်တီအထိဆက်သွားနိုင်ချေရှိခဲ့ပေမယ့် ပွဲကစားချိန် ၁၁၉ မိနစ်မှာ စပိန်အတွက် မီခေးလ်မာရီနိုက နောက်ကျအနိုင်ဂိုးကို သွင်းယူပေးခဲ့ပြီး ဂျာမနီကို ပြိုင်ပွဲကနေ ထွက်ခွာစေခဲ့ပါတယ်။

“စပိန်အသင်း ဆီမီးဖိုင်နယ်ကိုတက်ရောက်နိုင်ခဲ့လို့ ဂုဏ်ပြုချင်ပါတယ်။ ပထမပိုင်းမှာ ပွဲက အရမ်းပွင့်လင်းနေပြီး ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့ ပိုကောင်းလာခဲ့ပါတယ်။ မိနစ် ၆၀ ကနေစတင်ပြီး ကျွန်တော်တို့က ပိုကောင်းလာပါတယ်။

နောက်ကျချေပဂိုးနဲ့လည်း ကျွန်တော်တို့ ထိုက်တန်ခဲ့ပါတယ်။ အနိုင်ဂိုးကိုပေးလိုက်ရပေမယ့် ကျွန်တော်တို့ တောင်ပံမှာ ဖိအားတွေမပေးနိုင်ခဲ့ပါဘူး။ သူတို့ကို ကွာတားကနေထွက်ခွာဖို့ မထိုက်တန်ဘူးဆိုတာ ပြောခဲ့ပါတယ်။

ကျွန်တော်တို့အားလုံး ကိုယ့်မိသားစုကိုယ်လွမ်းနေကြတာပါ။ ဒါပေမယ့် ဘယ်သူမှမထွက်ခွာချင်ပါဘူး။ အစကနေ အခုချိန်အထိ ကျွန်တော်တို့ အရမ်းကောင်းခဲ့သလို ဒီနေ့ပွဲမှာလည်း အနိုင်ကန်ဖို့ အရာအားလုံးပေးဆပ်ကစားခဲ့ပါတယ်။

ကစားသမားတိုင်း ပွဲထွက်ကစားသမားအပြင် အရန်ခုံကကစားသမားတွေပါ ဒီပွဲအနိုင်ရဖို့ အရာအားလုံးပေးဆပ်ကစားကြပါတယ်။ ဒီပွဲက တကယ့်နာကျင်ရတဲ့ပွဲပါ”လို့ နာဂယ်စမန်းက ပြောကြားခဲ့ပါတယ်။

ဂျာမနီအတွက် အခုရှုံးပွဲဟာ တိုနီခရူးစ်အတွက် နောက်ဆုံးပြိုင်ပွဲဖြစ်လာခဲ့ပြီး အသက် ၃၄ နှစ်သားဟာ နိုင်ငံအသင်းနဲ့အတူ ဆုဖလားအများအပြားရယူထားနိုင်ခဲ့ပါတယ်။

“တိုနီရဲ့ကစားသမားဘဝကို ချီးကျူးဖို့ဆိုတာ မဖြစ်နိုင်လောက်အောင်ပါပဲ။ အဲ့တာက ဂျာမန်ကစားသမားတစ်ဦးအတွက် တကယ့်မှတ်ကျောက်ပါပဲ။

သူက ဂျာမန်ရဲ့အကြီးအကျယ်ဆုံးကစားသမားတွေထဲကတစ်ဦးပါ။ သူ့ရဲ့အောင်မြင်မှုတွေကို လူတိုင်းသိပါတယ်။ ဒါပေမယ့် လူတိုင်းက သူ့ရဲ့စရိုက်လက္ခဏာကို မသိပါဘူး။

အရမ်းခက်ခဲတဲ့အခိုက်အတန့်မှာ သူကအသင်းကို စကားပြောဆိုခဲ့ပါတယ်။သူက သူ့ကိုယ်သူအသင်းရဲ့အစိတ်အပိုင်းအဖြစ် သတ်မှတ်ထားတာပါ”လို့ နာဂယ်စမန်းက ထပ်လောင်းပြောကြားခဲ့ပါတယ်။

ဂျာမနီကိုအနိုင်ရပြီးနောက် စပိန်နည်းပြ လူးဝစ်က အသင်းသားတွေရဲ့စွမ်းဆောင်ရည်ကို ချီးကျူးပြောကြားခဲ့ပါတယ်။

“ဒီအခိုက်အတန့်အတွက် ကျွန်တော်တို့အောင်မြင်မှုအတွက် ချီးကျူးချင်ပါတယ်။ ကစားသမားတွေအနေနဲ့လည်း ဆီမီးဖိုင်နယ်အတွက် အဆင်သင့်ဖြစ်နေမယ်လို့ ကျွန်တော် တပ်အပ်ပြောရဲပါတယ်။ 

သူတို့ထိပ်တန်းအဆင့်စွမ်းဆောင်ရည်မျိုးနဲ့ကစားနေတာပါ။ ကျွန်တော့်ကစားသမားတွေရဲ့စွမ်းဆောင်ရည်က တကယ့်လက်ဖျားခါစရာပါ။ ဒီလိုအသင်းမျိုးကို နည်းပြရတာလည်း ကျွန်တော်ဂုဏ်ယူမိပါတယ်။

ကျွန်တော် သူတို့ကိုနှစ်အတော်ကြာသိခဲ့တာပါ သူတို့က ဒီလိုပြိုင်ပွဲမျိုးတွေနဲ့အသားကျနေပြီဖြစ်သလို ဆုဖလားရနိုင်ချေလည်းရှိနေပါတယ်။

ဒီအသင်းက အမြဲတမ်းပြိုင်ဆိုင်လိုစိတ်ရှိပါတယ်။ အဝတ်လဲခန်းထဲမှာလည်း တိုးတက်မှုရှိနေပါတယ်။ မှန်ပါတယ်။ ကျွန်တော်တို့ သူတို့ရဲ့ဂုဏ်သိက္ခာ ၊ အရည်အချင်း နဲ့ အာရုံစူးစိုက်မှုတွေကို မေးခွန်းထုတ်ဖို့ မလိုပါဘူး”လို့ လူးဝစ်က ပြောကြားခဲ့ပါတယ်။