
ဒိုင်လူကြီး မှားတာကို လက်ခံမယ်ဆိုရင် စည်းမျဉ်းစည်းကမ်းတွေကို အမှိုက်ပုံးထဲ ပစ်ချလိုက်ဖို့ တောင်းဆိုခဲ့ကြတဲ့ ချဲလ်ဆီးပရိသတ်များ
ချဲလ်ဆီးနှင့် အက်စတွန်ဗီလာတို့ ကစားခဲ့ကြသော ပွဲစဉ်တွင် ဒိုင်လူကြီး ဂီးလက်က အချိန်တစ်မိနစ်စောပြီး ဝီစီမှုတ်ခဲ့တာကြောင့် ချဲလ်ဆီးကစားသမားများအပါအဝင် ပိုချက်တီနိုနှင့် ၎င်းတို့၏ ပရိသတ်များစွာ ဒေါသထွက်ခဲ့ကြပါတယ်။
စတုတ္ထတာဝန်ရှိသူ ဆိုင်မွန်ဟူပါးက ပထမပိုင်းအပြီးတွင် သုံးမိနစ်ပိုကစားသင့်သည်ဟု အချက်ပြခဲ့ပါတယ်။ ချဲလ်ဆီးပရိသတ်များသည် အက်စတွန်ဗီလာအသင်း၏ အချိန်ဖြုန်းခြင်းကို ခံစားရတာကြောင့် စိတ်ပျက်နေကြတဲ့အပြင် ဒိုင်လူကြီး ဂီးလက်က အချိန်တစ်မိနစ်စောပြီး ဝီစီမှုတ်ခဲ့တာကြောင့် ပိုပြီးဒေါသဖြစ်ခဲ့ကြပါတယ်။
ဩစတြေးလျဒိုင်လူကြီး ဂီးလက် ဝီစီကို မှုတ်ပြီး နှစ်မိနစ်မကြာသောအချိန်မှာပဲ ကွင်းတစ်ကွင်းလုံးမှာ ချဲလ်ဆီးပရိသတ်များ၏ သံပြိုင်အော်သံများ ထွက်ပေါ်လာခဲ့ပါတယ်။ ချဲလ်ဆီးကစားသမားအများအပြားသည် ဂီးလက် နှင့်စကားပြောဆိုခဲ့ကြပြီး၊ အသင်းနည်းပြ ပိုချက်တီနိုသည်လည်း လမ်းလျှောက်သွားကာ ဥမင်လိုဏ်ခေါင်းအတွင်းနှင့်အပြင်ဘက်တွင် တောက်လျှောက်စကားပြောနေသည်ကို တွေ့ရပါတယ်။
တွစ်တာအကောင့် CFCDaily သည် ချဲလ်ဆီးပရိသတ်များစွာ၏ ခံစားချက်ကို အကျဉ်းချုံးရေးသားပြီး အဆိုပါရေးသားချက်တွင် “ချဲလ်ဆီး ဂိမ်းကစားတဲ့အခါ စည်းကမ်းချက်တွေကို အမှိုက်ပုံးထဲထည့်ထားသလား။ ဗီလာကစားသမားတွေဟာ ဒိုင်လူကြီးတွေကို အဆက်မပြတ် ဝိုင်းရံထားပြီး အခုတော့ သူ့ကိုယ်ပိုင်အချိန်ရဲ့ ၆၅ စက္ကန့်စောတဲ့ ဝီစီကို မှုတ်ထုတ်လိုက်ပါပြီ"လို့ ဖော်ပြခဲ့ပါတယ်။
ပထမပိုင်းတွင် ၀-၀ ဖြင့် ပြီးဆုံးခဲ့ပြီး နီကိုလက်စ်ဂျက်ဆင်က ရရှိခဲ့တဲ့အခွင့်အရေးကို ဖြုန်းတီးခဲ့ပါတယ်။ ချဲလ်ဆီးဂိုးသမား ဆန်းချက်ဇ်က ဒိုင်ဂျင်းနှင့် ဇာနီအိုလိုတို့၏ ကန်ချက်များကိုလည်း မယုံနိုင်လောက်အောင် ကာကွယ်လက်စွမ်းပြခဲ့ပါတယ်။ ဒါပေမယ့်လည်း ချဲလ်ဆီးပရိသတ်တွေရဲ့ ဒေါသကို ထပ်ပြီး တိုးစေတဲ့ အဖြစ်အပျက်ကတော့ ၅၈ မိနစ်မှာ မာလိုဂူစတိုကို ထုတ်ပယ်ခံခဲ့ရတာကြောင့်ဖြစ်ပြီး ချဲလ်ဆီးအတွက် ဆိုးရွားတဲ့အခြေအနေကနေ ပိုဆိုးသွားခဲ့တယ်။
ဒိုင်လူကြီးသည် နောက်ခံလူအား အနီကတ်မပြမီ VAR မော်နီတာအား စစ်ဆေးခဲ့ပါတယ်။ မာလိုဂူစတိုထွက်သွားပြီးနောက်ပိုင်းချဲလ်ဆီးအသင်းဟာ အက်စတွန်ဗီလာအသင်းကို လူဆယ်ဦးတည်းဖြင့် ရင်ဆိုင်ခဲ့ရပါတယ်။ ရောဘတ်ဆန်းချက်ဇ်သည် ကမ္ဘာ့အဆင့်မီ ကယ်တင်မှု နှစ်ကြိမ်ပြုလုပ်ထားပြီးဖြစ်သော်လည်း ဝဒ်ကင်းက သီယာဂိုဆေးလ်ဗား၏ အမှားကို ကျော်ဖြတ်ကာ အဖိုးတန်အနိုင်ဂိုးကိုသွင်းယူသွားခဲ့ပြီး ချဲလ်ဆီးအသင်းအနေဖြင့် ဘာမှမတတ်နိုင်ခဲ့ပါဘူး။