The network connection is lost.

Banner Image

ပရီးမီးယားလိဂ်ဖလားကို မန်စီးတီးစိန်ခေါ်နိုင်စွမ်းရှိသေးတယ်လို့ ပြောကြားလာတဲ့ မာရက်စ်ကာ

ချဲလ်ဆီးနည်းပြ အန်ဇိုမာရက်စ်ကာက မန်စီးတီးအသင်းဟာ လက်ရှိအချိန်မှာ အတော်လေးဆိုးဝါးတဲ့ အခြေအနေတွေနဲ့ တွေ့ကြုံနေရတယ်ဆိုပေမယ့် အချိန်တန်ရင်တော့ ပရီးမီးယားလိဂ်ချန်ပီယံပြေးလမ်းကြောင်းပေါ် ပြန်လည်ရရှိလာပြီး ဆုဖလားကို စိန်ခေါ်နိုင်ဦးမှာဖြစ်တယ်လို့ အခိုင်အမာပြောကြားလာခဲ့ပါတယ်။ 

မန်စီးတီးဟာ နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၈ ပွဲမှာ ရမှတ် ၄ မှတ်သာရယူနိုင်ခဲ့ပြီး အတော်လေးကိုဆိုးဝါးတဲ့ ရမှတ်ကျဆင်းမှုတွေနဲ့ ကြုံတွေ့နေရတာဖြစ်ပါတယ်။ အဆိုပါရမှတ်ပမာဏဟာ အမှတ်ပေးဇယားအောက်ဆုံးက ဆောက်သမ်တန်ထက်တောင် လျော့နည်းနေတာဖြစ်ပြီး ဆောက်သမ်တန်ဟာ နောက်ဆုံးပရီးမီးယားလိဂ်ပွဲစဉ် ၈ ပွဲမှာ ၅ မှတ်အထိရရှိခဲ့ပါတယ်။ 

ဒါ့အပြင် အဆိုပါအကြပ်အတည်းကာလအတွင်း မန်စီးတီးဟာ တော့တင်ဟမ်ကို ရှုံးနိမ့်ပြီး ကာရာဘောင်ဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရသလို ချန်ပီယံလိဂ်မှာလည်း ၂ ပွဲရှုံး ၁ ပွဲသရေရလဒ်ကိုသာ ဖော်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ အခုလို မန်စီးတီးရဲ့ရုတ်တရက်ကျဆုံးခန်းက

ကမ္ဘာ့ဘောလုံးလောကအတွက် အံ့ဩစရာဖြစ်နေပေမယ့် နည်းပြ ပက်ဂွါဒီယိုလာကတော့ အသင်းရဲ့ ဒဏ်ရာရလူစာရင်းကိုသာ အပြစ်တင်ပြီး ကာကွယ်ပြောဆိုမှုတွေပြုလုပ်ထားပါတယ်။ 

အမှတ်ပေးဇယားရဲ့ အဆင့် ၇ နေရာအထိကျဆင်းသွားတဲ့ လက်ရှိချန်ပီယံဟာ ထိပ်ဆုံးက တစ်ပွဲလျော့လီဗာပူးနဲ့ ရမှတ် ၁၂ မှတ်အထိကွာဟနေသော်လည်း မာရက်စ်ကာကတော့ ဂွါဒီယိုလာအနေနဲ့ အမှတ်ပေးဖလားကို စိန်ခေါ်နိုင်စွမ်းရှိသေးတယ်လို့ ပြောကြားလာခဲ့ပါတယ်။ အီတလီသားက “အဆုံးမှာတော့ မန်စီးတီးက ချန်ပီယံလမ်းကြောင်းပေါ် ပြန်ရောက်လာဦးမယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီလိုအခြေအနေမျိုးက ဒီအသင်းမှာ ဘယ်တုန်းကမှ မဖြစ်ခဲ့ဖူးပါဘူး။ သူတို့က ပွဲစဉ်တိုင်းမှာ ဒဏ်ရာပြဿနာတွေနဲ့ ကြုံတွေ့နေရပါတယ်။ အခုချိန် သူတို့မှာ ကစားသမား အလုံအလောက်မရှိပါဘူး။ ဒဏ်ရာပြဿနာကနေ ပြန်လာနိုင်တဲ့ အချို့ကစားသမားတွေကလည်း ၁၀၀ ရာခိုင်နှုန်းကြံ့ခိုင်မှုမရှိပါဘူး။ အရမ်းခက်တဲ့အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်” လို့ပြောကြားခဲ့ပါတယ်။ 

လာမယ့်ဒီဇင်ဘာလ ၂၆ ရက်နေ့မှာတော့ မန်စီးတီးဟာ အဲဗာတန်နဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး တစ်ကျော့ပြန်နိုင်ပွဲ ပြန်လည်ပုံဖော်သွားနိုင်မလား ဒါမှမဟုတ် အနုတ်သဘောဆောင်တဲ့ရလဒ်မျိုး ဆက်လက်တွေ့ကြုံသွားမလား စောင့်ကြည့်ရပါမယ်။