စကော့တလန်ကို ဂိုးပြတ်အနိုင်ရပြီးနောက် ဂျာမနီရဲ့စည်းလုံးမှုကို ချီးကျူးလိုက်တဲ့ နာဂယ်စ်မန်း
ယနေ့နံနက်ကစတင်ကျင်းပခဲ့တဲ့ ယူရို ၂၀၂၄ အဖွင့်ပွဲစဉ်မှာ ဂျာမနီက စကော့တလန်ကို ၅-၁ နဲ့ အနိုင်ရရှိခဲ့ပြီး ပွဲအပြီးမှာတော့ နည်းပြ နာဂယ်စ်မန်းက ကစားသမားတစ်ဦးချင်းစီကို ချီးကျူးလိုခြင်းမရှိဘဲ အသင်းအလိုက်စည်းလုံးမှုကိုသာ ချီးကျူးလိုကြောင်း ပြောကြားလာခဲ့ပါတယ်။
ဂျာမနီဟာ ပထမပိုင်းမှာပဲ ဖလော်ရီယန်ဝက်ဇ်၊ ယာမယ်မူစီယာလာနဲ့ ကိုင်ဟာဗက်ဇ်တို့ရဲ့သွင်းဂိုးတွေကြောင့် ၃-၀ နဲ့ဦးဆောင်ထားနိုင်ခဲ့ပြီး ဒုတိယပိုင်းမှာတော့ ဖူရယ်လ်ကရက်ဂ်နဲ့ အမ်မရီကန်တို့က ဂိုးတွေထပ်မံသွင်းယူခဲ့တာကြောင့် ၅ ဂိုးအထိ ရရှိခဲ့တာဖြစ်ပါတယ်။ စကော့တလန်ကတော့ အဖွင့်ပွဲမှာပဲ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီး ဂျာမနီနောက်ခံလူ ရူဒီဂါရဲ့ လက်ဆောင်ဂိုးကြောင့်သာ သွင်းဂိုးပြန်လည်ရရှိခဲ့တာဖြစ်ပါတယ်။
ပွဲအပြီးမှာတော့ နာဂယ်စ်မန်းက “ဒီပွဲက ကျွန်တော်တို့ရဲ့ပထမဆုံးခြေလှမ်းဆိုပေမယ့် အရမ်းကောင်းတဲ့ပွဲဖြစ်ခဲ့ပါတယ်။ အသင်းကို တည်ဆောက်နိုင်ခဲ့ပြီး ပျော်ရွှင်ခဲ့ရပါတယ်။ ကျွန်တော်တို့ ပုံစံအမျိုးမျိုးနဲ့ဂိုးတွေ သွင်းယူနိုင်ခဲ့တာကလည်း တိုးတက်မှုတစ်ခုပါပဲ။ ပွဲအစ ပထမ မိနစ် ၂၀ အတွင်းမှာ ကျွန်တော်တို့ အရမ်းကောင်းခဲ့ပြီး အမှားလည်းလုံးဝမရှိခဲ့ပါဘူး။ ဒီပွဲရဲ့ အကောင်းဆုံး အခိုက်အတန့်ပါပဲ”လို့ ပြောကြားခဲ့ပါတယ်။
ယခုပွဲစဉ်မှာ ဂျာမနီရဲ့တိုက်စစ်ကစားသမားလေးတွေဖြစ်တဲ့ အသက်-၂၁ အရွယ် ဖလော်ရီယန်ဝက်ဇ်နဲ့ မူစီယာလာတို့ဟာ သွင်းဂိုးတွေ ကိုယ်စီသွင်းယူပြီး အထူးခြေစွမ်းပြခဲ့တာကြောင့် ဒီကစားသမား ၂ ယောက်က ဂျာမနီရဲ့တိုက်စစ်ကို အဓိကဦးဆောင်သွားမလားလို့ မေးမြန်းခဲ့ရာ နာဂယ်စ်မန်းက “ကျွန်တော်ကတော့ တစ်ဦးချင်းစွမ်းဆောင်ရည်အလိုက် မချီးကျူးချင်ပါဘူး။ ဒါက ကစားသမားတွေ အားလုံးနဲ့သက်ဆိုင်ပါတယ်။ တစ်ဦးနဲ့တစ်ဦးစည်းလုံးနေကြတာကို မြင်တွေ့ခဲ့ရပါတယ်။ ပရိသတ်တွေအနေနဲ့လည်း ကျွန်တော်တို့ကို ပိုယုံကြည်လာမယ်လို့ထင်ပါတယ်” လို့ ဖြေကြားခဲ့ပါတယ်။
လာမယ့်ဗုဒ္ဓဟူးနေ့မှာတော့ ဂျာမနီဟာ အုပ်စု ဒုတိယပွဲစဉ်အဖြစ် ဟန်ဂေရီနဲ့ ကစားသွားရမှာဖြစ်ပြီး အုပ်စုအဆင့် နောက်ဆုံးပွဲစဉ်ကိုတော့ ဆွစ်ဇာလန်နဲ့ ကစားသွားရမှာဖြစ်ပါတယ်။