The network connection is lost.

Banner Image

ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ စိတ်ကြိုက်အဖြစ်ဆုံး အသင်းလေးခုကို ရွေးထုတ်လိုက်တဲ့ မော်ရင်ဟို

ဝါရင့်နည်းပြကြီး မော်ရင်ဟိုက ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ စိတ်ကြိုက်အသင်းလေးခုကို ရွေးချယ်ခဲ့ရာ ဂါရတ်ဆောက်ဂိတ်ရဲ့ အင်္ဂလန်လက်ရွေးစင်အသင်း ပါဝင်လာခဲ့ပါတယ်။
 
အခုနွေရာသီကာလမှာ အင်္ဂလန်လက်ရွေးစင်အသင်းက ၁၉၆၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်မေဂျာဆုဖလားအောင်မြင်မှုရယူနိုင်ဖို့ ကြိုးစားသွားပါလိမ့်မယ်။ မော်ရင်ဟိုကလည်း ဒီအသင်းဟာ ဗိုလ်စွဲဖို့ရေပန်းစားတဲ့အသင်းလေးခုမှာ ပါဝင်တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အင်္ဂလန်အသင်းက ပြီးခဲ့တဲ့ယူရိုပြိုင်ပွဲမှာလည်း အထင်ကြီးလောက်စရာစွမ်းဆောင်ရည်တွေနဲ့ ဗိုလ်လုပွဲအဆင့်အထိ တက်ရောက်နိုင်ခဲ့ပေမယ့် အီတလီကို ပယ်နယ်တီအဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ကာ ဆုဖလားအောင်ပွဲနဲ့ လွဲချော်ခဲ့ပါတယ်။
 
ပြီးခဲ့တဲ့ကမ္ဘာ့ဖလားပြိုင်ပွဲနှစ်ကြိမ်မှာတော့ အင်္ဂလန်အတွက် အခုလိုမျှော်လင့်ချက်တွေနဲ့ ပြည့်နှက်နေခဲ့ပေမယ့် အမြင့်ဆုံးဆီမီးဖိုင်နယ်အဆင့်အထိသာ စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဆောက်ဂိတ်က ယမန်နေ့မှာပဲ ယူရိုပြိုင်ပွဲဝင် လက်ရွေးစင်ကစားသမား ၂၆ ဦးစာရင်းကို ထုတ်ပြန်ခဲ့ရာ ဂရီးလစ်ရှ်၊ မက်ဒီဆင်နဲ့ မက်ဂွါရီတို့လို ပရီးမီးယားလိဂ်ဝါရင့်ကစားသမားတွေကို ချန်လှပ်ထားခဲ့ပါတယ်။
 
လက်ရှိအင်္ဂလန်အသင်းက ယူရို-၂၀၂၄ မှာ ဗိုလ်စွဲဖို့ ဘွတ်ကီဒိုင်တွေရဲ့ စိတ်ကြိုက်အသင်းစာရင်းမှာ ပါဝင်နေပြီး မော်ရင်ဟိုကလည်း ဆောက်ဂိတ်ရဲ့အသင်းမှာ ပေါ်တူဂီ၊ ပြင်သစ်နဲ့ စပိန်တို့လိုပဲ ဆုဖလားစိန်ခေါ်နိုင်စွမ်းရှိတယ်လို့ ယုံကြည်နေပါတယ်။
 
GOAL သတင်းဌာနနဲ့တွေ့ဆုံချိန် ပေါ်တူဂီအသင်းရဲ့ ယူရိုပြိုင်ပွဲဗိုလ်စွဲနိုင်ခြေအလားအလာနဲ့ ပတ်သက်လို့ ဆွေးနွေးရာမှာ မော်ရင်ဟိုက “ကျွန်တော်တို့မှာ ရှိခဲ့ဖူးတဲ့ မျိုးဆက်ဟောင်းတွေကို မလေးမစားလုပ်တာမျိုး မဟုတ်ပါဘူး။ ဒါပေမယ့် အသင်းလူစာရင်းနဲ့ အရည်အသွေးပိုင်းအရ အခုအသင်းက ကျွန်တော်တို့မှာ ရှိခဲ့ဖူးတဲ့အသင်းတွေထက် အကောင်းဆုံးဖြစ်နေပါပြီ။ ပေါ်တူဂီလည်း ဒီဆုဖလားကို ဆွတ်ခူးသွားနိုင်ပါတယ်။ ဘယ်အသင်းကိုမဆို အနိုင်ယူနိုင်စွမ်းရှိတယ်ဆိုတဲ့ ကိုယ့်ကိုကိုယ်ယုံကြည်မှုမျိုး ရှိနေဖို့ပါပဲ။ ပေါ်တူဂီ အသင်းက အကောင်းဆုံးဖြစ်တယ်လို့ ကျွန်တော်မပြောချင်ပါဘူး။ ဒါပေမယ့် စပိန်၊ ပြင်သစ်၊ အင်္ဂလန်၊ ဂျာမနီတို့လည်း အကောင်းဆုံး မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အရမ်းကောင်းတဲ့ ညာအစွန်နောက်ခံလူနှစ်ဦး ရှိမယ်၊ အရမ်းကောင်းတဲ့ ဘယ်အစွန်နောက်ခံလူနှစ်ဦးရှိမယ်၊ အရမ်းကောင်းတဲ့ ကွင်းလယ်လူ နှစ်ဦးရှိမယ်ဆိုတဲ့ အခြေအနေတွေကြောင့် နည်းပြတစ်ဦးအတွက် အကောင်းဆုံးပြဿနာတစ်ရပ်ကို ပြောပါဆိုရင် ဘယ်သူ့ကို ပွဲကစားခွင့်ပေးမလဲဆိုတာပဲ ဖြစ်ပါတယ်“
 
“ကျွန်တော်တို့မှာ ကစားသမား ၂၃ ဦးပါလူစာရင်းပဲရှိတာကြောင့် တစ်နေရာကို နှစ်ဦးနှုန်းလောက်နဲ့ပဲ ကျွန်တော် ပြောနေရတာပါ။ ဒါပေမယ့် အခုအချိန်မှာ ဒီထက်တောင် ပိုများသွားပါပြီ။ အံ့သြစရာတစ်ခုရှိလာမယ်ဆိုရင် ကျွန်တော် အံ့သြပေးသွားရပါလိမ့်မယ်။ ပြင်သစ်နဲ့ ဂျာမနီက အမြဲတမ်း အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့သလို ပေါ်တူဂီနဲ့ အင်္ဂလန်ကလည်း အရင်ထက် ပိုကောင်းလာပါတယ်။ ဒီအသင်းလေးခုပါပဲ။ စပိန်အကြောင်းတော့ ကျွန်တော်လည်း သေချာမသိပေမယ့် သူတို့အသင်းကစားဟန်နဲ့ ကစားသမားတွေက အရည်အသွေးမြင့်မားလှပါတယ်။ ဘယ်လ်ဂျီယံ သို့မဟုတ် အီတလီ အနိုင်ရသွားမယ်ဆိုရင်လည်း အံ့အားသင့်စရာတစ်ခု ဖြစ်လာပါလိမ့်မယ်”လို့ ပြောပါတယ်။
 
အင်္ဂလန်လက်ရွေးစင်အသင်းက အခုယူရိုပြိုင်ပွဲအတွက် အပြီးသတ်လူစာရင်းရွေးချယ်ရာမှာ လက်ရွေးစင် ၂၆ ဦးအနက် ၁၂ ဦးက လူငယ်သွေးသစ်ကစားသမားတွေ ဖြစ်ပါတယ်။ ဒီကစားသမားတွေထဲမှာ မန်ချက်စတာယူနိုက်တက်ကြယ်ပွင့် မိုင်နူး၊ ခရစ္စတယ်ပဲလေ့စ်ကွင်းလယ်လူ ဝါတန်နဲ့ ၂၀၂၃-၂၀၂၄ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့အကောင်းဆုံးလူငယ်ကစားသမားဖြစ်တဲ့ ချဲလ်ဆီးစတား ကိုးလ်ပယ်လ်မာတို့လည်း ပါဝင်နေပါတယ်။
 
ယူရို-၂၀၂၄ ပြိုင်ပွဲကြီးကို လာမယ့်သီတင်းပတ်နှောင်ပိုင်း၊ အလိုင်းယန့်အရီနာကွင်းကြီးမှာ အိမ်ရှင်ဂျာမနီနဲ့ စကော့တလန်တို့ ယှဉ်ပြိုင်ကစားကြရင်း ဖွင့်လှစ်သွားပါလိမ့်မယ်။ အင်္ဂလန်ကတော့ နောက်နှစ်ရက်အကြာမှာ ဆာဘီးယားနဲ့ အုပ်စုအဖွင့်ပွဲစဉ် ယှဉ်ပြိုင်ကစားရပါမယ်။