
ချန်ပီယံလိဂ်ဆုဖလားအောင်ပွဲရရှိရေးအတွက် အသင်းဟောင်းအင်တာမီလန်ကို အားပေးနေတဲ့ မော်ရင်ဟို
မော်ရင်ဟိုက အင်တာမီလန်အသင်းကို ချန်ပီယံလိဂ်ဆုဖလားဆွတ်ခူးနိုင်ဖို့ အလိုရှိပေမယ့် ဖလားသုံးလုံးချန်ပီယံမဖြစ်လာခြင်းအတွက် ဝမ်းသာမိတယ်လို့ အရွှမ်းဖောက်ပြောဆိုခဲ့ပါတယ်။ အင်တာမီလန်က မေ ၃၁ ရက်၊ အလိုင်းယန့်ဇ်အရီနာကွင်းမှာ ပီအက်စ်ဂျီနဲ့ ဗိုလ်လုပွဲယှဉ်ပြိုင်ကစားရပါမယ်။ ဒါက နာပိုလီကို တစ်မှတ်အကွာဖြင့် စီးရီးအေချန်ပီယံဆုအတွက် နောက်ကောက်ကျခဲ့တဲ့ အင်တာမီလန်အတွက် အခုဘောလုံးရာသီ၊ ဆုဖလားရရှိနိုင်မယ့် နောက်ထပ်အခွင့်အရေးလည်း ဖြစ်ပါတယ်။
မော်ရင်ဟိုက ၂၀၁၀ ပြည့်နှစ်မှာ ချန်ပီယံလိဂ်ဆုဖလားကို အင်တာမီလန်အသင်းအတွက် နောက်ဆုံးအကြိမ် ရယူပေးခဲ့တဲ့နည်းပြ ဖြစ်ပါတယ်။ အဲ့ဒီဘောလုံးရာသီမှာပဲ ပေါ်တူဂီသားက အီတာလျံကလပ်အသင်းနဲ့အတူ ဆုဖလားသုံးလုံးအောင်ပွဲကို ရရှိခဲ့ပြီး အခုဘောလုံးရာသီမှာလည်း အင်တာမီလန်အတွက် သူရယူပေးခဲ့သတဲ့ အောင်ပွဲမျိုး ထပ်မံမပေါ်ပေါက်သေးလို့ ဝမ်းမြောက်မိတယ်လို့ အရွှမ်းဖောက်ဟာသလုပ်ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် သူက ဖိုင်နယ်မှာတော့ အီတာလျံသားတွေနဲ့အတူ ရှိနေဖို့ ဆုံးဖြတ်ထားပါတယ်။
Sky Sport နဲ့တွေ့ဆုံချိန် မော်ရင်ဟိုက “ စိတ်ကောင်းမရှိတာမျိုး ဖြစ်နိုင်ပေမယ့် ပွင့်ပွင့်လင်းလင်းပြောတာပါ။ အင်တာမီလန်အသင်း ဖလားသုံးလုံးချန်ပီယံဖြစ်သွားမှာကို ကျွန်တော် စိုးရိမ်နေခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော် သူတို့ကို ဖလားသုံးလုံးချန်ပီယံ မဖြစ်စေချင်ပါဘူး။ အင်တာမီလန်ရဲ့ ဖလားသုံးလုံးချန်ပီယံဘွဲ့ဆိုတာ ကျွန်တော့်အတွက်ပဲလေ။ ဒါပေမယ့် အခု သူတို့တွေက စီးရီးအေချန်ပီယံ မဖြစ်နိုင်တော့သလို ကိုပါအီတာလီယာဖလားနဲ့လည်း ဝေးကွာသွားပါပြီ။ သူတို့တွေ ချန်ပီယံလိဂ်ဆုဖလားကို အရယူသွားစေချင်တယ်” လို့ ပြောပါတယ်။
အခုပွဲစဉ်က အင်တာမီလန်အတွက် သတ္တမမြောက်ချန်ပီယံလိဂ်ဗိုလ်လုပွဲဖြစ်ပြီး သူတို့တွေက ၁၉၆၄၊ ၁၉၆၅ နဲ့ ၂၀၁၀ ပြည့်နှစ်တွေမှာ အနိုင်ရဗိုလ်စွဲခဲ့ပါတယ်။အင်တာမီလန်အသင်းက ၂၀၁၃ ခုနှစ်မှာ နောက်ဆုံးအကြိမ် ချန်ပီယံလိဂ်ဗိုလ်လုပွဲကစားခဲ့ပြီး မန်စီးတီးကို ၁-၀ ဂိုးဖြင့် အရေးနိမ့်ခဲ့ပါတယ်။ ဆက်လက်ပြီး ချန်ပီယံလိဂ်ဆုဖလားကို မတူညီတဲ့ကလပ်အသင်းနှစ်ခုနဲ့ နှစ်ကြိမ်တိုင်တိုင် ကိုင်မြှောက်နိုင်ခဲ့တဲ့ မော်ရင်ဟိုက အခုဘောလုံးရာသီ၊ ပီအက်စ်ဂျီနဲ့အတူ အကောင်းဆုံးလုပ်ပြနေတဲ့ လူးဝစ်အင်းနရစ် အနိုင်ရရှိသွားမယ်ဆိုရင်လည်း ဝမ်းမြောက်ဝမ်းသာဖြစ်မိမယ်လို့ ပြောကြားခဲ့ပါတယ်။
၂၀၁၅ ခုနှစ်မှာ ဘာစီလိုနာနဲ့အတူ ချန်ပီယံလိဂ်ဆုဖလားဆွတ်ခူးနိုင်ခဲ့တဲ့ လူးဝစ်အင်းနရစ်က မတူညီတဲ့ကလပ်အသင်းနှစ်ခုနဲ့ ဒီပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်တဲ့ ခြောက်ဦးမြောက်နည်းပြဖြစ်လာဖို့ အခွင့်အလမ်းရှိနေပါတယ်။ မော်ရင်ဟိုက “ ဒါပေမယ့် လူးဝစ်အင်းနရစ်ကလည်း ပါရီမြေမှာ အံ့အားသင့်စရာကောင်းတဲ့အလုပ်တစ်ခုကို လုပ်ပြနေပါတယ်။ သူက ဒီအသင်းကို ပြောင်းလဲပေးခဲ့တာပါ။ အသင်းရဲ့ထိပ်တန်းကစားသမားတစ်ဦးကို ဆုံးရှုံးခဲ့ရပေမယ့် အံ့အားသင့်စရာနည်းလမ်းတစ်ခုနဲ့အတူ အသင်းကို ပြန်လည်တည်ဆောက်ခဲ့ပါတယ်။ ဒါကြောင့် လူးဝစ်အင်းနရစ်အနိုင်ရရှိသွားမယ်ဆိုရင်လည်း ကျွန်တော် သူ့အတွက် ဝမ်းသာမိပါလိမ့်မယ်”လို့ ပြောပါတယ်။