The network connection is lost.

Banner Image

လီဗာပူးနဲ့စာချုပ်သက်တမ်းမတိုးခင် ဆော်ဒီကလပ်တွေနဲ့ ဆွေးနွေးခဲ့တယ်လို့ မိုဆာလက်ထုတ်ဖော်ပြောဆို

အခုဘောလုံးရာသီအစောပိုင်း၊ လီဗာပူးနဲ့စာချုပ်သက်တမ်းတိုးဖို့ကိစ္စ မအောင်မြင်ခဲ့စဉ်ကာလအတွင်း ဆော်ဒီဘောလုံးလောကဆီထွက်ခွာဖို့ အတော်လေးနီးစပ်ခဲ့တယ်လို့ မိုဆာလက်က အတည်ပြုပြောဆိုခဲ့ပါတယ်။ နောက်ဆုံးမှာတော့ တောင်ပံကစားသမားက အန်ဖီးလ်ကလပ်နဲ့အတူ နှစ်နှစ်သက်တမ်းရှိစာချုပ်သစ်တစ်ရပ်ကို ဧပြီလအတွင်းမှာ ချုပ်ဆိုနိုင်ခဲ့ပါတယ်။ ဒါကြောင့် အခုဘောလုံးရာသီအစပိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ်လည်း အဆုံးသတ်သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်နှစ်တာကာလအတွင်းမှာကတည်းက မိုဆာလက်က ဆော်ဒီကလပ်အသင်းတွေရဲ့အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်၊ သြဂုတ်လမှာဆိုရင် အယ်လ်အစ်တီဟတ်က ကစားသမားအတွက် ပေါင်သန်း ၁၅၀ တန်ကမ်းလှမ်းမှုတစ်ခုပြုလုပ်ခဲ့ပြီး ဒီကမ်းလှမ်းချက်ကို မာဆေးဆိုဒ်ကလပ်အသင်းဘက်မှ ချက်ချင်းဆိုသလို ပယ်ချခဲ့ပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီလအပြောင်းအရွှေ့ကာလအတွင်းမှာလည်း ဆော်ဒီကလပ်တွေက မိုဆာလက်ရဲ့အခြေအနေကို အနီးကပ်စောင့်ကြည့်ခဲ့ပြီး လီဗာပူးနဲ့စာချုပ်သက်တမ်းကုန်ဆုံးချိန် သူတို့ဆီ ပြောင်းရွှေ့လာနိုင်မလားဆိုတာကို စူးစမ်းလေ့လာခဲ့ပါတယ်။

အသက်-၃၂ နှစ်အရွယ်ကစားသမားက ဆော်ဒီပရိုလိဂ်ရဲ့ “အိပ်မက်ဆန်ဆန်ပစ်မှတ်”တစ်ခုအဖြစ် ရှိနေခဲ့တာ အချိန်အတော်ကြာခဲ့ပါပြီ။ တနင်္ဂနွေနေ့မှာထွက်ပေါ်လာတဲ့ အင်တာဗျူးအစီအစဉ်တစ်ခုမှာတော့ မိုဆာလက်က ဆော်ဒီမြေမှာသွားရောက်ကစားရေး အလားအလာတွေအတွက် အကြိတ်အနယ်ဆွေးနွေးမှုတွေ ရှိခဲ့ဖူးပြီး မာဆေးဆိုဒ်မှာသာ ဆက်မရှိနေရဘူးဆိုရင် ပင်လယ်ကွေ့ဒေသဆီ သွားရောက်ဖို့အတွက် စဉ်းစားခဲ့ဖူးတယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

On Sport သတင်းဌာနနဲ့တွေ့ဆုံချိန် မိုဆာလက်က “ ဆော်ဒီလိဂ်ဆီပြောင်းရွှေ့ဖို့ အခွင့်အရေးကောင်းတစ်ခု ရှိခဲ့တယ်လို့ ထင်ပါတယ်။ လီဗာပူးနဲ့သာ စာချုပ်သက်တမ်းမတိုးမြှင့်နိုင်ဘူးဆိုရင် အဲ့ဒီဒေသဆီ သွားရောက်နိုင်လိမ့်မယ်လို့လည်း ယုံကြည်ထားခဲ့ပါတယ်။ ကျွန်တော်နဲ့ ဆော်ဒီပရိသတ်တွေအကြား ဆက်ဆံရေးက ကောင်းမွန်နေဆဲပါပဲ။ ဒီနေရာမှာ ကျွန်တော့်ကိုခေါ်ယူနိုင်ဖို့ အလေးအနက်ဆွေးနွေးမှုတွေလည်း ရှိခဲ့ပါတယ်”လို့ ပြောပါတယ်။

ဒီနောက်မှာတော့ မိုဆာလက်က ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်တို့နဲ့ အပြောင်းအရွှေ့ချိတ်ဆက်မှုတွေ လုံးဝမရှိခဲ့ပါဘူးလို့ ငြင်းဆန်သွားပါတယ်။ အီဂျစ်သားက လီဗာပူးပရိသတ်တွေနဲ့ သူ့အကြား ခိုင်မာလွန်းတဲ့သံယောဇဉ်တွေကြောင့် သူ့ရဲ့ဆုံးဖြတ်ချက်ကို အကြီးအကျယ်ပြောင်းလဲသွားစေတယ်လို့ ဝန်ခံခဲ့ပါတယ်။

မိုဆာလက်က “ လီဗာပူးပရိသတ်တွေဟာ ကျွန်တော့်ရဲ့စာချုပ်သက်တမ်းတိုးမြှင့်ရေးကိစ္စမှာ အစိတ်အပိုင်းတစ်ရပ်အဖြစ် ပါဝင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ကလပ်အသင်းမှာ ခုနစ်နှစ်ကြာ ရှိခဲ့ပြီးပြီဆိုတော့ ကလပ်အသင်းအပေါ် သူတို့တွေ ဖိအားပေးခဲ့ပါတယ်။ ပထမဆုံးနေ့ရက်မှစတင်ပြီး သူတို့တွေကိုယ်တိုင် ကျွန်တော့်ကို အသင်းမှာဆက်ရှိနေဖို့ လိုလားတယ်ဆိုတာ သိခဲ့ရပါတယ်”လို့ ပြောပါတယ်။

မိုဆာလက်က ပရီးမီးယားလိဂ်သွင်းဂိုး ၂၉ ဂိုးအပါအဝင် အခုဘောလုံးရာသီ၊ ပြိုင်ပွဲစုံ ၃၄ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ၂၃ ကြိမ် ပြုလုပ်ခဲ့ပါတယ်။ သူ့ရဲ့စွမ်းဆောင်ရည်တွေက အန်းစလော့ရဲ့ပွဲဦးထွက်ရာသီမှာပဲ ကြိုးကြာနီတွေကို ကလပ်အသင်းသမိုင်းတလျှောက် အကြိမ် ၂၀ မြောက်အမှတ်ပေးချန်ပီယံအောင်ပွဲဆီ ရောက်ရှိစေဖို့ ကူညီပေးခဲ့ပါတယ်။ ဒါက ခါးသီးပြိုင်ဘက် မန်ချက်စတာယူနိုက်တက်ရဲ့ အမှတ်ပေးချန်ပီယံဆုရရှိမှုမှတ်တမ်းကို လိုက်မီနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။

မိုဆာလက်က လီဗာပူးကစားသာမးဘဝသက်တမ်းတလျှောက် အသင်းအတွက် ၄၀၁ ပွဲပါဝင်ကစားပြီး ၂၄၅ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁၁၃ ကြိမ် စွမ်းဆောင်ခဲ့ပါတယ်။ ဒီလိုစွမ်းဆောင်ရည်တွေကြောင့်ပဲ အီဂျစ်ကြယ်ပွင့်က ရိုဂျာဟန့်ခ်၊ အီယန်ရှပ်ရှ်တို့နောက်မှာ လီဗာပူးအသင်းသမိုင်းတလျှောက် တတိယမြောက်သွင်းဂိုးအများဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။

၂၀၁၇ ခုနှစ်၊ မာဆေးဆိုဒ်ဒေသဆီ ရောက်ရှိလာပြီးနောက် မိုဆာလက်က လီဗာပူးနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံဆု နှစ်ကြိမ်၊ လိဂ်ဖလား တစ်ကြိမ်၊ ချန်ပီယံလိဂ်ဖလား တစ်ကြိမ်၊ အက်ဖ်အေဖလား တစ်ကြိမ်၊ ကွန်မြူနတီဒိုင်း တစ်ကြိမ်နဲ့ ဥရောပစူပါဖလား တစ်ကြိမ်အပါအဝင် ဆုဖလားကိုးလုံးအထိ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဒီတစ်ကြိမ် လီဗာပူးနဲ့အတူ စာချုပ်သက်တမ်းပြည့်မြောက်ပြီဆိုရင်တော့ မိုဆာလက်က အသက်-၃၄ နှစ်အရွယ်ဆီ ရောက်ရှိသွားပါလိမ့်မယ်။ အဲ့ဒီကာလမှာ အီဂျစ်စတားက သူ့ရဲ့ပရီးမီးယားလိဂ်ဖြတ်သန်းနေမှုကို ရပ်တန့်ပစ်လိုက်တာမျိုး ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။