The network connection is lost.

Banner Image

ဆွမ်ဆီးအသင်းပူးတွဲပိုင်ရှင်နဲ့ ရင်းနှီးမြှုပ်နှံသူတစ်ဦးဖြစ်လာတဲ့ လူကာမိုဒရစ်

ရီးရဲလ်မက်ဒရစ်ဂန္တဝင်လူကာမိုဒရစ်က ချန်ပီယံရှစ်ကလပ်ဆွမ်ဆီးစီးတီးရဲ့ ရင်းနှီးမြှုပ်နှံသူနဲ့ ပူးတွဲပိုင်ရှင်တစ်ဦးဖြစ်လာဖို့ ဘာကြောင့်ဆုံးဖြတ်ခဲ့လဲဆိုတာကို ရှင်းပြခဲ့ပါတယ်။ မိုဒရစ်ကို ဝေးလ်အခြေစိုက်ကလပ်အသင်းရဲ့ ရှယ်ယာအနည်းစုပိုင်ဆိုင်သူတစ်ဦးလို့ ကြေညာထုတ်ပြန်ပြီးနောက် အသက်-၃၉ နှစ်အရွယ်ကစားသမားက အားလုံးကို အံ့အားသင့်စေခဲ့ပါတယ်။ အခုတော့ ခရိုအေးရှားကွင်းလယ်ကစားသမားက ဒီစိတ်လှုပ်စရားစရာအခွင့်အလမ်းအကြောင်းနဲ့ ကလပ်အသင်းအတွက် သူ့ရဲ့ရည်မှန်းချက်တွေကို ဖွင့်ဟပြောပြခဲ့ပါတယ်။

ဆွမ်ဆီးအသင်းဝက်ဘ်ဆိုဒ်နဲ့တွေ့ဆုံချိန် မိုဒရစ်က “ စိတ်လှုပ်ရှားစရာကောင်းတဲ့အခွင့်အလမ်းတစ်ခု ဖြစ်ပါတယ်။ ဆွမ်ဆီးမှာ ခိုင်မာတဲ့ကိုယ်ပိုင်ဝိသေသလက္ခဏာတစ်ခု၊ မယုံကြည်နိုင်လောက်စရာ ပရိသတ်အင်အားစုနဲ့ အမြင့်ဆုံးအဆင့်အတန်းမျိုးမှာ ယှဉ်ပြိုင်လိုတဲ့ ရည်မှန်းချက်တွေ ရှိထားပါတယ်။ အမြင့်ဆုံးအဆင့်အတန်းမှာကစားနိုင်ရေးအတွက် ကျွန်တော့်ရဲ့အတွေ့အကြုံတွေကို ကလပ်အသင်းဆီ ဝေမျှပေးနိုင်လိမ့်မယ်လို့ ယုံကြည်မိပါတယ်။ 

ကျွန်တော့်ရဲ့ရည်မှန်းချက်က ကလပ်အသင်းတိုးတက်လာရေး အပြုသဘောဆောင်တဲ့နည်းလမ်းနဲ့ ပံ့ပိုးပေးသွားဖို့အပြင် စိတ်လှုပ်ရှားစရာအနာဂတ်တစ်ခုတည်ဆောက်ရာမှာ ပါဝင်ကူညီပေးဖို့ပဲ ဖြစ်ပါတယ်”လို့ ပြောပါတယ်။ အသင်းစီးအီးအိုတွမ်ဂေါ်ရင်းကလည်း “ ဘုတ်အဖွဲ့ထဲမှာ ရင်းနှီးမြှုပ်နှံသူ၊ ပူးတွဲပိုင်ရှင်တစ်ဦးအဖြစ် လူကာမိုဒရစ် ပါဝင်လာလို့ စိတ်လှုပ်ရှားမိပါတယ်။ အကယ်ဒမီအဆင့်မှ စီနီယာအသင်းဆီ တက်လှမ်းလာရေးလမ်းကြောင်းမှာ ကျွန်တော်တို့ရဲ့ကစားသမားတွေအတွက် လူကာမိုဒရစ်ထက်ပိုကောင်းတဲ့ စံပြပုဂ္ဂိုလ်မျိုး မရှိတော့ပါဘူး။ ကျွန်တော့်တို့ရဲ့ရည်မှန်းချက်အပေါ် သူ့ရဲ့ထောက်ခံမှုနဲ့ ကျွန်တော်တို့ကို ပံ့ပိုးကူညီပေးလိုတဲ့ သူ့ရဲ့ဆန္ဒတွေက ကွင်းတွင်းကွင်းပြင်ရလဒ်တွေတိုးတက်လာဖို့ ရည်မှန်းထားတဲ့ ကျွန်တော်တို့ရဲ့ရည်မှန်းချက်အတွက် အလွန်အရေးပါလာပါလိမ့်မယ်။

 ကျွန်တော်တို့တွေ စကားစမြည်ပြောဖြစ်ချိန်မှာ ကလပ်အသင်းအပေါ် ထားရှိတဲ့ သူ့ရဲ့စိတ်အားထက်သန်မှု၊ ကျွန်တော်တို့အသင်းလုပ်ဆောင်ပုံနဲ့ပတ်သက်လို့ သူ့ရဲ့အတွေးအမြင်နဲ့ ကျွန်တော်တို့အသင်းတိုးတက်လာစေဖို့ အတွက် သူ့ရဲ့စစ်မှန်တဲ့စိတ်ဆန္ဒတွေကို ပြသခဲ့ပါတယ်။ သူနဲ့ အနီးကပ်လက်တွဲပြီး ရှေ့ခရီးဆက်နိုင်ဖို့ မျှော်လင့်မိပါတယ်”လို့ ပြောပါတယ်။
ဆက်လက်ပြီး ဆွမ်ဆီးဘုတ်အဖွဲ့ကလည်း “ ကျွန်တော်တို့အသင်းပိုင်ဆိုင်မှုစက်ဝိုင်းမှာ လူကာမိုဒရစ်ပါဝင်လာလို့ ဝမ်းမြောက်မိပါတယ်။ ကနဦးတွေ့ဆုံဆွေးနွေးပြီးချိန်ကတည်းက ကျွန်တော်တို့ရဲ့မျှော်မှန်းချက်တွေနဲ့ ကိုက်ညီမှုရှိတယ်ဆိုတာ ရှင်းရှင်းလင်းလင်းသိလိုက်ရပြီး ကျွန်တော်တို့အတွက် လူကာမိုဒရစ်က စစ်မှန်တဲ့အရင်းအနှီးတစ်ခုဖြစ်လာလိမ့်မယ်ဆိုတာ နားလည်ခဲ့ပါတယ်။ ဒီလုပ်ငန်းစဉ်တလျှောက်လုံးပံ့ပိုးကူညီမှုတွေအတွက် လူကာမိုဒရစ်နဲ့ သူ့ရဲ့ကိုယ်စားလှယ်အဖွဲ့ကို အထူးကျေးဇူးတင်လိုပြီး တက်နိုင်သမျှအမြန်ဆုံး ဆွမ်ဆီးအသင်းဆီမှာ သူ့ကို မြင်တွေ့ရဖို့ မျှော်လင့်မိပါတယ်”လို့ ပြောပါတယ်။

ဒါ့အပြင် ကလပ်အသင်းမှာ လူကာမိုဒရစ်ရဲ့ရင်းနှီးမြှုပ်နှံမှုက အသင်းရဲ့မျှော်မှန်းချက်နဲ့ ရည်မှန်းချက်တွေကို အထောက်အပံ့ဖြစ်စေတယ်လို့ ဆိုလိုက်ပြီး ဝါရင့်ကစားသမားကြောင့် ကမ္ဘာလုံးဆိုင်ရာအာရုံစိုက်မှုနဲ့ ကွင်းတွင်းကွင်းပြင်အောင်မြင်မှုရရှိအောင် ကြိုးပမ်းရာမှာ အကူအညီဖြစ်စေတယ်လို့ ဘုတ်အဖွဲ့က သုံးသပ်ခဲ့ပါတယ်။ ဆွမ်ဆီးရဲ့ပရီးမီးယားလိဂ်ဆီတကျော့ပြန်လာနိုင်ရေးကြိုးပမ်းမှုမှာ တော့တင်ဟမ်ကစားသမားဟောင်းရဲ့အခန်းကဏ္ဍ ဘယ်လိုရှိမလဲဆိုတာ အများက စိတ်ဝင်စားနေပါလိမ့်မယ်။

လတ်တလောမှာ မိုဒရစ်က အာဆင်နယ်နဲ့ရင်ဆိုင်ရမယ့် ရီးရဲလ်မက်ဒရစ်ရဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်အတွက် ပြင်ဆင်နေသလို ဆွမ်ဆီးအသင်းကလည်း သောကြာနေ့၊ ဟူးလ်စီးတီးနဲ့ကစားရမယ့် ချန်ပီယံရှစ်ပွဲစဉ်အတွက် ကြိုတင်လေ့ကျင့်နေပါတယ်။