The network connection is lost.
ကာရာဘောင်ဖလား ဗိုလ်လုပွဲမတိုင်ခင် လေးရက်အလို၊ ဗုဒ္ဓဟူးညပိုင်း လူတန်နဲ့ ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်အတွက် လက်လွှတ်ရနိုင်တဲ့ ၁၀ ဦးမြောက်စီနီယာ ကစားသမားအဖြစ် မိုဆာလက်ရဲ့ဒဏ်ရာပြဿနာခြိမ်းခြောက်မှုကို ယာဂန်ကလော့ပ် ရင်ဆိုင်နေရပါတယ်။
ဒဏ်ရာကြောင့် ကာလအတန်ကြာ အနားယူခဲ့ရပြီးနောက် လွန်ခဲ့တဲ့သီတင်းပတ်၊ ဘရန့်ဖို့ဒ်နဲ့ပွဲစဉ်မှာ ပါဝင်ကစားလာတဲ့ မိုဆာလက်ဟာ သက်သောင့်သက်သာ မရှိဘူးလို့ သိရှိခဲ့ရပြီးနောက် ကစားသမားကို စစ်ဆေးအကဲဖြတ်မှုတွေ လုပ်ဆောင်နေခဲ့ရပါတယ်။ ကလပ်အသင်းဘက်ကတော့ ကာလအတန်ကြာအနားယူခဲ့ရခြင်းအတွက် တုံ့ပြန်မှုတစ်ခုသာဖြစ်စေဖို့ မျှော်လင့်နေပါတယ်။
ယာဂန်ကလော့ပ်က “မိုဆာလက်နဲ့အတူ ဖြည်းဖြည်းနဲ့ မှန်မှန်စောင့်ကြည့်နေပါတယ်။ အရင်ရရှိခဲ့တဲ့ ဒဏ်ရာနေရာနားမှာပဲ သက်သောင့်သက်သာမရှိဘဲ ဖြစ်နေတာပါ။ ဘယ်လိုပုံစံမျိုး တိုးတက်လာမလဲဆိုတာ စောင့်ကြည့်သွားရပါမယ်။ ရူးလောက်စရာမဟုတ်ပေမယ့် စောင့်ကြည့်ပေးသွားဖို့တော့ လိုအပ်တယ်”လို့ ပြောပါတယ်။
မိုဆာလက်က မာဆေးဆိုဒ်ဒေသမှာ ဒဏ်ရာကြီးကြီးမားမား မရရှိခဲ့ပေမယ့် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲဝင် အီဂျစ်အသင်းအတွက် ကစားပေးရင်း ဒဏ်ရာ ရရှိခဲ့လို့ အင်္ဂလန်နိုင်ငံဆီ ဆေးကုသမှုခံယူရန် ပြန်လာခဲ့ပါတယ်။ ဘရန့်ဖို့ဒ်နဲ့ပွဲစဉ်မှာတော့ သူက အရန်ခုံတန်းပေါ်မှာ ရှိနေခဲ့ပါတယ်။ ဒါပေမယ့် ပွဲချိန် ၄၄ မိနစ်မှာ ဂျိုတာ ဒဏ်ရာရရှိသွားလို့ ထင်ထားတာထက်စောကာ အသင်းနဲ့ ကွင်းတွင်း ပြန်လည်ပူးပေါင်းခဲ့ရပါတယ်။
လက်ရှိပရီးမီးယားလိဂ်အမှတ်ပေးဇယားဦးဆောင်သူတွေရဲ့ ကွင်းလယ်နဲ့ တိုက်စစ်ပိုင်းမှာ ဒဏ်ရာပြဿနာတွေ ပြည့်နှက်နေပါတယ်။ ဂျိုတာ၊ ဆိုဘိုဆလိုင်းနဲ့ ကာတစ်ဂျုံးစ်တို့က လူတန်နဲ့ပွဲစဉ်ကို လွဲချော်သွားဖို့ရှိသလို ဒါဝင်နူနက်ဇ်ကလည်း ကြွက်သားပြဿနာရင်ဆိုင်နေရလို့ ဒီညပွဲစဉ်အတွက် သံသယတွေနဲ့ စောင့်ကြည့်ခံနေရပါတယ်။
အာနိုးလ်၊ အလီဆင်၊ သီယာဂိုတို့ကလည်း မာတစ်၊ ဘာ့ဂျ်စီတစ်တို့နဲ့အတူ ကုသမှုခံယူနေရဆဲဖြစ်ပါတယ်။ ကလော့ပ်ကတော့ ဂျိုတာဟာ လပိုင်းအကြာ အနားယူရဖို့ရှိတာ မှန်ပေမယ့် သူ့ရဲ့ဒူးဒဏ်ရာဟာ ဒီအတိုင်းသာဆိုရင် ဧပြီလကုန်ပိုင်းမှာ ပြန်ကစားနိုင်မယ်လို့ မျှော်လင့်မိကြောင်း ဆိုပါတယ်။
ကလော့ပ်က “ကျွန်တော်တို့အသင်းရဲ့ဒဏ်ရာအခြေအနေက သိပ်တော့မကောင်းလှပါဘူး။ အလီဆင်မှာလည်း ကြွက်သားဒဏ်ရာတစ်ခု ရှိနေပါတယ်။ ဒီဒဏ်ရာက ဘယ်လောက်အတိုင်းအတာအထိ ရှည်ကြာနေဦးမလဲဆိုတာ ကျွန်တော်တို့လည်း အတိအကျမသိရသေးပါဘူး။ အာနိုးလ်နဲ့ ဆိုဘိုဆလိုင်းတို့လည်း ပြန်လာပြီလို့ ပြောနိုင်ပေမယ့် အခုထိတော့ လေ့ကျင့်ရေးမဆင်းနိုင်သေးပါဘူး။ ဂျိုတာဆိုရင်လည်း လပိုင်းလောက် ကြာပါဦးမယ်”လို့ ရှင်းပြပါတယ်။
ဒါပေမယ့် လီဗာပူးနည်းပြကြီးက မက်အယ်လစ္စတာ၊ ဂျိုးဂိုးမက်ဇ်တို့ရဲ့ စွယ်စုံရစွမ်းရည်ကို ထောက်ပြကာ ဒဏ်ရာပြဿနာတွေကို ဆုဖလားလမ်းကြောင်းအတွက် အနှောင့်အယှက်လို့ မရှုမြင်ဘဲ ကျော်လွှားနိုင်ဖို့သာ လိုအပ်တယ်လို့ ယူဆနေပါတယ်။
ဂျာမန်သားကြီးက “ဆင်ခြေပေးနေတာ မဟုတ်ပါဘူး။ ဘောလုံးပွဲစဉ်တစ်ခုကို ကစားဖို့ နည်းလမ်း ၅,၀၀၀ လောက်ရှိပြီး ဒီအထဲကမှ တစ်ခုကို ရှာဖွေပေးသွားရုံပါပဲ။ ဒီနေ့ခေတ်ဘောလုံးသမားတွေက နေရာစုံမှာ ကစားနိုင်နေပါပြီ။ ခံစစ်မှူးတွေက တိုက်စစ်ကူရသလို တိုက်စစ်မှူးတွေကလည်း ခံစစ်အတွက် လိုက်ပါပေးရပါတယ်။ ကျွန်တော့်ကောင်လေးတွေအားလုံး ဘောလုံးနဲ့အတူ ကောင်းကောင်းကစားနိုင်သလို ဘောလုံးဆုံးရှုံးသွားချိန်မှာလည်း ကောင်းကောင်းကစားနိုင်ရပါမယ်။ ကိုယ့်ကိုကိုယ်အကောင်းဆုံး ဖြစ်လာအောင်ပဲ လုပ်ပါ၊ နေရာတွေ ဘာတွေဆိုတာကို ဘယ်သူ့မှ ဂရုမစိုက်တော့ပါဘူး။ ကြံ့ခိုင်မှုပြည့်ဝနေတဲ့ကစားသမားတွေအားလုံးက ကျွန်တော်တို့အတွက် အရမ်းအရေးကြီးပါတယ်။ ဒီယက်ဇ်ဆိုရင်လည်း အလွန်ကောင်းမွန်တဲ့အခိုက်အတန့်တစ်ခုမှာ ရှိနေပါတယ်”လို့ ဆက်ပြောပါတယ်။
လတ်တလောဒဏ်ရာရနေတဲ့ ကစားသမားတွေအနက် ဒါဝင်နူနက်ဇ်က လာမယ့်တနင်္ဂနွေနေ့၊ ချဲလ်ဆီးနဲ့ ရင်ဆိုင်ရမယ့် ကာရာဘောင်ဖလားဗိုလ်လုပွဲမှာ ပါဝင်နိုင်ဖို့ အခွင့်အလမ်းအများဆုံး ပိုင်ဆိုင်ထားပါတယ်။ ဒါပေမယ့် ကလော့ပ်ရဲ့အတွေးထဲမှာတော့ ဝင်ဘာလေ ကွင်းပွဲစဉ်ထက် လူတန်တောင်းနဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်ကသာ စိုးမိုးနေပါတယ်။
ကလော့ပ်က “ပရီးမီးယားလိဂ်ပွဲစဉ်တိုင်းက ဗိုလ်လုပွဲလိုပါပဲ။ ဒါဝင်နူနက်ဇ်သာ ကြံ့ခိုင်မှုပြည့်ဝနေရင် သူ့ကို ဖယ်ထုတ်ထားစရာ ဘာအကြောင်းမှမရှိပါဘူး။ ကျွန်တော်တို့မှာ ဒီလိုလုပ်နိုင်ဖို့လည်း အခွင့်အရေးမရှိပါဘူး။ ဒါဝင်နူနက်ဇ်က ဘရန့်ဖို့ဒ်နဲ့ပွဲစဉ်မှာ ကြွက်သားပြဿနာခံစားခဲ့ရပါတယ်။ ကျွန်တော်တို့ ဖြည်းဖြည်းနဲ့မှန်မှန် စောင့်ကြည့်သွားရပါမယ်”လို့ ပြောပါတယ်။