
ပရီးမီးယားလိဂ်ဆုဖလားထပ်မံဆွတ်ခူးနိုင်မယ့်ရာသီမတိုင်ခင် ကိုယ့်ကိုယ်ကိုယ်သံသယဝင်မိခဲ့တဲ့ မိုဆာလက်
မိုဆာလက်က ပရီးမီးယားလိဂ်ချန်ပီယံဆုဆီ လီဗာပူးအသင်းကို ပို့ဆောင်ပေးနိုင်ဖို့ အစွမ်းကုန်တောက်ပခဲ့တဲ့ အခုဘောလုံးရာသီမစတင်ခင် သူ့ရဲ့အကောင်းဆုံးပုံစံကို နောက်တစ်ကြိမ်ပြန်ရနိုင်ပါဦးမလားဆိုပြီး သူ့ကိုယ်သူ မေးခွန်းထုတ်ခဲ့တယ်လို့ ဝန်ခံလိုက်ပါတယ်။
အသက်-၃၂ နှစ်အရွယ် အီဂျစ်တိုက်စစ်မှူးက အန်းစလော့ရဲ့အသင်းအတွက် အံ့ဖွယ်ဘောလုံးရာသီတစ်ခုကို ပရီးမီးယားလိဂ်သွင်းဂိုး ၂၈ ဂိုး၊ ဂိုးဖန်တီးမှု ၁၈ ကြိမ်ပြုလုပ်ကာ ဖြတ်သန်းထားပါတယ်။ ဧပြီလအတွင်း နှစ်နှစ်သက်တမ်းရှိစာချုပ်သစ်တစ်ရပ်ချုပ်ဆိုခြင်းဖြင့် အန်ဖီးလ်မှာ သူ့ရဲ့အနာဂတ်ကို မြှပ်နှံခဲ့တဲ့ မိုဆာလက်က ဘောလုံးအားကစားကလောင်ရှင်များအစည်းအရုံး(FWA)ရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားအဖြစ် မဲပေးရွေးချယ်ခံရပြီး ဒီဆုကို လက်ခံရယူဖို့ ကြာသပတေးနေ့မှာ လန်ဒန်မြို့ဆီ ရောက်ရှိလာခဲ့ပါတယ်။ FWA ရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမား(အမျိုးသမီး)ဆုကိုတော့ အာဆင်နယ်တိုက်စစ်မှူးရုစ်ဆို ရရှိခဲ့ပါတယ်။
“ပရီးမီးယားလိဂ်ချန်ပီယံဆုဆွတ်ခူးနိုင်ခြင်းနဲ့ အသင်းအတွက် အခုလိုမျိုးအကျိုးသက်ရောက်မှုတွေ ရှိလာအောင် စွမ်းဆောင်ပေးနိုင်ခြင်းတို့ကြောင့် လီဗာပူးကစားသမားဘဝသက်တမ်းတလျှောက် ဘယ်တုန်းကမှ မခံစားဖူးတဲ့ ပျော်ရွှင်မှုမျိုးကို ခံစားခဲ့ရပါတယ်။
တော့တင်ဟမ်ကို အနိုင်ရရှိပြီး ပရီးမီးယားလိဂ်ချန်ပီယံဖြစ်လာမှုအပေါ် ဒီသွင်းဂိုးတွေ၊ ဂိုးဖန်တီးမှုတွေက သက်ရောက်မှုရှိခဲ့ပါတယ်။ ကစားသမားကောင်းတွေနဲ့ နည်းပြကောင်းတစ်ဦးကို ဆုံးရှုံးလိုက်ရပြီးနောက် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ပြန်လည်ဆွတ်ခူးနိုင်မှုကလည်း အရမ်းထူးခြားပါတယ်။
အခုဘောလုံးရာသီစတင်လာချိန်မှာပဲ အိုကေ၊ ငါတော့ နောက်တစ်ကြိမ်ထပ်ပြီး ခြေစွမ်းပြနိုင်ပါဦးမလားလို့ ကိုယ့်ကိုကိုယ် ပြန်မေးဖြစ်ခဲ့ပါတယ်။ အိုကေ၊ ဆက်ဆွဲကြည့်လိုက်မယ်လို့လည်း ကိုယ့်ကိုယ်ကိုယ် ပြန်အားပေးခဲ့ပါတယ်။ ဒါက အလုပ်ကြိုးစားရမယ်၊ စံနမူနာပြဖြစ်အောင် လုပ်သွားဖို့ လိုအပ်တယ်လို့ ပြောနေသလိုပါပဲ။ ဒါကြောင့် ကျွန်တော်က ကိုယ့်အလုပ်ကိုယ် လုပ်ခဲ့ပြီး ကျွန်တော်လုပ်ပေးခဲ့တဲ့အရာတွေက အရမ်းကောင်းတယ်လို့လည်း ယူဆမိပါတယ်။
ကျွန်တော်တို့မှာ အရမ်းကောင်းတဲ့ ကစားသမားစုဖွဲ့မှုတစ်ခုနဲ့အတူ အရမ်းကောင်းတဲ့ နည်းပြတစ်ဦး ရှိနေပါပြီ။ ဒီနှစ်ဘောလုံးရာသီကိုလည်း အကောင်းဆုံးစတင်ခဲ့ပြီး အခုအချိန်မှာတော့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့တွေ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆက်လက်သိမ်းပိုက်နိုင်သလို ချန်ပီယံလိဂ်ဆုဖလားကိုလည်း ဆွတ်ခူးနိုင်ဦးမယ်လို့ မျှော်လင့်မိပါတယ်”လို့ FWA ရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို တတိယအကြိမ်မြောက်ရရှိခဲ့တဲ့ မိုဆာလက်က ပြောပါတယ်။