The network connection is lost.

Banner Image

ယာဂန်ကလော့ပ်နဲ့ အန်းစလော့တို့အကြား အဓိကကွာခြားချက်ကို ရွေးချယ်ပြောပြခဲ့တဲ့ မိုဆာလက်

အန်းစလော့ရဲ့အသေးစိတ်အာရုံစူးစိုက်တက်မှုနဲ့ နည်းစနစ်ပိုင်းလိုက်လျောညီထွေရှိမှုတွေက ယခင်နည်းပြဟောင်းယာဂန်ကလော့ပ်လက်ထက်နဲ့နှိုင်းယှဉ်မယ်ဆိုရင် အဓိကကွာခြားချက်ဖြစ်တယ်လို့ မိုဆာလက်က ပြောပြခဲ့ပါတယ်။ ဒတ်ချ်လူမျိုးနည်းပြက လက်ကျန်လေးပွဲကစားရဖို့ ကျန်ရှိနေချိန်မှာပဲ သူ့လက်ထက် ပထမဆုံးပရီးမီးယားလိဂ်ဆုဖလားကို လီဗာပူးအသင်း ရရှိအောင် ဦးဆောင်ပေးခဲ့ပြီး ဒီခရီးလမ်းမှာ မိုဆာလက်က အဓိကသော့ချက် ဖြစ်ခဲ့ပါတယ်။

နည်းပြဟောင်းယာဂန်ကလော့ပ်လက်အောက်မှာကတည်းက တောက်ပလာခဲ့တဲ့ အီဂျစ်သားက အန်းစလော့တာဝန်ယူချိန်မှာလည်း ပရီးမီးယားလိဂ်သွင်းဂိုး ၂၈ ဂိုးအထိ ရယူပြီး ခြေစွမ်းပြသခဲ့ပါတယ်။ ဂျာမန်လူမျိုးနည်းပြက သူ့ရဲ့အန်ဖီးလ်ကွင်းနေ့ရက်တွေမှာ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်နဲ့ ပြည်တွင်းဖလားသုံးကြိမ် အောင်မြင်မှုရရှိအောင် စွမ်းဆောင်ခဲ့ပါတယ်။ ဒါပေမယ့် အန်းစလော့က သူ့ရဲ့အသင်းကို ဆက်ခံခဲ့ပြီး ထပ်မံအဆင့်မြှင့်တင်ခဲ့ပါတယ်။ အခုအချိန်မှာတော့ မိုဆာလက်က နည်းပြနှစ်ဦးအကြား အဓိကကွာခြားချက်ကို ဆွေးနွေးလာခဲ့ပြီး နည်းဗျူဟာပိုင်းနဲ့ပတ်သက်လို့ အန်းစလော့ရဲ့ပြုမူပုံတွေကို ထောက်ပြခဲ့ပါတယ်။

Sky Sports နဲ့တွေ့ဆုံချိန် မိုဆာလက်က “ ပွဲစဉ်အချို့ရဲ့ဒုတိယပိုင်းပွဲချိန်တွေမှာ အန်းစလော့က နည်းဗျူဟာပိုင်းတွေကို အမြဲလိုလို ပြောင်းလဲပစ်လေ့ရှိပါတယ်။ ပြိုင်ဘက်ရဲ့ကစားဟန်အပေါ် မူတည်ပြီး ဆိုဘိုဆလိုင်း၊ မက်အယ်လစ္စတာတို့ကို မတူညီတဲ့နေရာတွေမှာ ပြောင်းလဲကစားစေပါတယ်။ သူက နည်းဗျူဟာပိုင်းနဲ့ပတ်သက်လို့ တရားသေစွဲကိုင်ထားတာမျိုး မရှိပါဘူး။ ဒါတွေက ကျွန်တော့်ရဲ့စိတ်ထဲမှာ အလွန်ရှင်းလင်းစေပါတယ်”လို့ ပြောပါတယ်။

ဒါ့အပြင် မိုဆာလက်က သူ့ရဲ့ခြေထဲမှာ ဘောလုံးအချိန်ကြာကြာရှိနေစေရေး အန်းစလော့ကိုယ်တိုင် ခွင့်ပြုပေးခဲ့ပြီး ဂိုးဖန်တီးပေးမှုတွေ ပြုလုပ်ဖို့နဲ့ မိမိကိုယ်ကိုယ်ယုံကြည်မှုရှိလာဖို့အတွက် လေ့ကျင့်ပေးခဲ့တယ်လို့ ဆိုပါတယ်။ မိုဆာလက်က “အခုတော့ ကျွန်တော့်ရဲ့ခြေထဲမှာ ဘောလုံးကို ပိုပြီးထားရှိလာနိုင်ပါတယ်။ ယုံကြည်မှုလည်း အပြည့်ရှိလာတယ်လို့ ခံစားမိပါတယ်။ အခွင့်အရေးတစ်ကြိမ်လွဲသွားမယ်ဆိုရင် နောက်တစ်ကြိမ်ပြန်ကြိုးစားနိုင်ပါတယ်။ ဒါကပဲ ဘောလုံးသမားတစ်ဦး လိုချင်တဲ့အရာ ဖြစ်ပါတယ်။ 

ကျွန်တော်ကိုယ်တိုင်လည်း အခွင့်အရေးဖန်တီးနိုင်စွမ်းရှိတယ်ဆိုတာကို ကျွန်တော်သိပါတယ်။ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီ၊ Playmaker of the year ဆုကို မရရှိခင်အချိန်မှာကတည်းက ကျွန်တော့်မှာ ဒီလိုစွမ်းဆောင်ရည်မျိုးရှိတယ်ဆိုတာကို ယုံကြည်ထားခဲ့ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ ကျွန်တော်က ဘောလုံးပိုကိုင်လာနိုင်ပြီး ဒါကို လွယ်လွယ်ကူကူလုပ်နိုင်စွမ်းလည်း ရှိပါတယ်”လို့ ဆိုပါတယ်။

အသက်-၃၃ နှစ်အရွယ်ကစားသမားက ယမန်နှစ်၊ ရာသီကြိုကာလအတွင်း မိုဆာလက်ရဲ့ခန္ဓာဗေဒနဲ့ လုပ်အားနှုန်းကို အသေးစိတ်လေ့လာခဲ့တဲ့ အန်းစလော့ရဲ့တိုက်တွန်းအားပေးပုံတွေကို ပြောပြရင်း ဒတ်ချ်လူမျိုးနည်းပြရဲ့အသေးစိတ်အာရုံစူးစိုက်တက်မှုကို ထောက်ပြသွားခဲ့ပါတယ်။

မိုဆာလက်က “ သွေးပူလေ့ကျင့်ခန်းလုပ်နေချိန်မှာပဲ အန်းစလော့က ကျွန်တော့်ကို ကျွန်တော့်ရဲ့ဗီဒီယိုဖိုင်အချို့ ပြသခဲ့ပါတယ်။ ကျန်တဲ့လူတွေကတော့ နိုင်ငံ့လက်ရွေးစင်အသင်းမှာ ရှိနေချိန်ပေါ့။ ကျွန်တော်က နိုင်ငံ့လက်ရွေးစင်တာဝန်ထမ်းဆောင်စရာမရှိလို့ လူငယ်ကစားသမားတွေနဲ့ပူးပေါင်းကာ ရာသီကြိုကာလကို စောစောစီးစီးစတင်ခဲ့ပါတယ်။ 

ကျွန်တော်လည်း အတော်လေးနှေးကွေးနေတဲ့ပုံပါပဲ၊ အများကြီးလည်း မလုပ်နိုင်ပါဘူး။ ဒီနောက်မှာတော့ အန်းစလော့က ဒုတိယမြောက်နဲ့ တတိယမြောက် ဗီဒီယိုဖိုင်တွေပြသရင်း ကျွန်တော့်ရဲ့လုပ်ဆောင်ပုံတွေ လွယ်လွယ်ကူကူဖြစ်လာတာကို ပြသခဲ့ပါတယ်။ ဒီနောက်မှာ လိုင်းတလျှောက် လမ်းလျှောက်သွားနေတဲ့ ကျွန်တော့်ရဲ့ပုံကို ပြသရင်း ဒါ မင်းရဲ့အသင်းအပေါ်လွှမ်းမိုးနိုင်စွမ်းပဲလို့ ရှင်းပြခဲ့ပါတယ်။

ကျွန်တော်တို့နှစ်ဦးကြားမှာ ရိုးရိုးသားသားပွင့်ပွင့်လင်းလင်းစကားစမြည်ပြောဖြစ်ခဲ့တဲ့ အခိုက်အတန့်အချို့ ရှိပါတယ်။ သူက ပွင့်ပွင့်လင်းလင်းပါပဲ။ ကျွန်တော့်ရဲ့ဗီဒီယိုဖိုင်အချို့ကိုပြသရင်း ဒီမိုဆာလက်နဲ့ဆိုရင် ဘယ်ဆုဖလားမဆို ဆွတ်ခူးနိုင်တယ်၊ ဒီမိုဆာလက်နဲ့ဆိုရင်တော့ အနိုင်ရစရာ ဘာမှမရှိဘူးဆိုပြီး ရှင်းပြပါတယ်။ ပြီးတော့ မင်းရဲ့အကောင်းဆုံးခြေစွမ်းကို လိုချင်တယ်၊ ဒီလိုခြေစွမ်းကို တစ်ရာသီလုံးစာရရှိပြီး မင်းရဲ့အကောင်းဆုံးရာသီတစ်ခုကို ငါနဲ့အတူ ဖန်တီးချင်တယ်ဆိုပြီး အန်းစလော့က တိုက်တွန်းခဲ့ပါတယ်”လို့ ဆိုပါတယ်။

မိုဆာလက်က လီဗာပူးနဲ့အတူ မယုံကြည်နိုင်စရာအချိန်ကာလတစ်ခုကို ဖြတ်သန်းနိုင်ခဲ့ပေမယ့် စာချုပ်သက်တမ်းမတိုးခင်အထိ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်လို့ သံသယတွေ အများကြီးရှိခဲ့ဖူးပါတယ်။ စာချုပ်သက်တမ်းတိုးရခြင်းအကြောင်းရင်းကို မေးမြန်းလာချိန် မိုဆာလက်က “ ကျွန်တော်တို့တွေ ဆုဖလားများစွာ ဆွတ်ခူးနိုင်ဦးမယ်လို့ ယုံကြည်မိတာကြောင့် ကျွန်တော် စာချုပ်သက်တမ်းတိုးခဲ့ပါတယ်။ ဒီအသင်းမှာ ကျွန်တော် အရမ်းပျော်ရွှင်နေတယ်ဆိုတာလည်း ပရိသတ်တွေဆီ ပြောပြချင်ပါတယ်။ ကျွန်တော်တို့ကိုသာ ဆက်အားပေးပါ၊ ကျွန်တော်တို့ အကောင်းဆုံးပြန်ပေးဆပ်ပါမယ်။ အနာဂတ်မှာလည်း ဆုဖလားတွေ သိမ်းပိုက်နိုင်ဦးမယ်လို့ မျှော်လင့်ထားပါတယ်”လို့ ပြောပါတယ်။