
ရီးရဲလ်မက်ဒရစ်မှာ သူ့ရဲ့နေရာကို အစားထိုးနိုင်မယ့်ကစားသမား အများကြီးမရှိဘူးလို့ ပြောဆိုလိုက်တဲ့ တိုနီခရူးစ်
ရီးရဲလ်မက်ဒရစ်ဂန္တဝင်တိုနီခရူးစ်က သူ့ရဲ့နေရာအစားထိုးနိုင်မယ့်ကစားသမားကို ဖော်ထုတ်ဖို့ဆိုတာ စပိန်ဘီလူးကြီးအတွက် အခက်တွေ့စရာဖြစ်လိမ့်မယ်လို့ ဆွေးနွေးပြောကြားခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်နဲ့အတူ ချန်ပီယံလိဂ်ချန်ပီယံအဖြစ် အောင်ပွဲခံပြီးနောက် ကစားသမားဘဝအနားယူခဲ့တဲ့ တိုနီခရူးစ်က သူ့အသင်းဟောင်းနဲ့ပတ်သက်လို့ ကိုယ်ပိုင်ထင်မြင်ချက်တွေကို ပုံမှန်လိုလို တင်ပြနေခဲ့ပါတယ်။
ဂျာမန်လူမျိုးကစားသမားမရှိတော့တဲ့ ပထမဦးဆုံးဘောလုံးရာသီမှာပဲ ရီးရဲလ်မက်ဒရစ်က လာလီဂါပြိုင်ပွဲမှာ ဒုတိယနေရာနဲ့ အဆုံးသတ်ခဲ့သလို ချန်ပီယံလိဂ်မှာလည်း အာဆင်နယ်ရဲ့ နှစ်ကျော့ပေါင်းရလဒ် ၅-၁ ဂိုးဖြင့် ကျော်ဖြတ်မှုကို ခံစားခဲ့ရပါတယ်။ ဒီလိုဖြစ်ရပ်တွေကြောင့် အန်ဆယ်လော့တီခေတ် ကုန်ဆုံးပြီး ဇာဘီအလွန်ဆိုကို နည်းပြသစ်နေရာမှာ မြင်တွေ့ရဖို့ အကြောင်းဖန်လာပါတယ်။ ရီးရဲလ်မက်ဒရစ်က ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားတွေကို ပိုင်ဆိုင်ထားပေမယ့် ပွဲစဉ်တွေကိုထိန်းချုပ်နိုင်ဖို့ ရုန်းကန်နေရပြီး တိုနီခရူးစ်ကိုယ်တိုင်လည်း ဒီဖြစ်ရပ်တွေရဲ့နောက်ကွယ်မှာ သူ့လိုကစားသမားမျိုးပျောက်ကွယ်နေမှုက အဓိကအကြောင်းရင်းတစ်ရပ်ဖြစ်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။
တိုနီခရူးစ်က “ ရီးရဲလ်မက်ဒရစ်မှာ ကျွန်တော့်လိုကစားသမားမျိုး ပျောက်ဆုံးနေပြီး ဒီအတွက်လည်း သူတို့တွေ ရှာဖွေနေဆဲ ဖြစ်ပါတယ်။ ဒီလိုကစားသမားမျိုးဆိုတာ အများကြီးမရှိပါဘူး။ ဈေးကွက်အတွင်း ရှိရင်းစွဲကစားသမားတွေကိုခေါ်ယူသွားဖို့ဆိုတာလည်း မလွယ်ကူလှပါဘူး။ ဇာဘီအလွန်ဆိုရဲ့ရီးရဲလ်မက်ဒရစ်အသင်းကို အကဲဖြတ်ဖို့ဆိုတာ စောလွန်းနေပါသေးတယ်။ အလွန်ဆိုရဲ့စိတ်ကူးအတိုင်း အပြောင်းအလဲတွေနဲ့အတူ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုအပေါ် အကဲဖြတ်ဖို့ဆိုတာ အချိန်အတိုင်းအတာတစ်ခုတော့ ပေးရပါလိမ့်မယ်။
ပြုပြင်ပြောင်းလဲဖို့လိုအပ်နေတဲ့အရာတွေအတွက် ဘယ်လိုအရာတွေကို ပြောင်းလဲပေးရမယ်ဆိုတာ အလွန်ဆိုကိုယ်တိုင် သိရှိထားမယ်လို့ ကျွန်တော် အာမခံပါတယ်။ ဘာကြောင့်လဲဆိုတော့ အရာရာတိုင်းကို အကောင်းအတိုင်းဖြစ်သွားစေမယ့် အရည်အသွေးတွေ အများကြီးရှိနေလို့ပါပဲ”လို့ ပြောပါတယ်။
တိုနီခရူးစ်အနားယူသွားပြီးနောက် ဂျာမန်သားရဲ့နေရာမှာ ရှိရင်းစွဲရွေးချယ်စရာတွေဖြစ်တဲ့ ဘယ်လင်ဟမ်၊ ချူအာမန်နီ၊ ဗယ်လ်ဗာဒီ၊ စီဘယ်လော့စ်၊ ကာမာဗင်ဂါတို့နဲ့ အစားထိုးဖို့ဆိုတာ ခက်ခဲလွန်းပါတယ်လို့ အန်ဆယ်လော့တီကိုယ်တိုင် ဝန်ခံခဲ့ပါတယ်။ ဒီနေရာမှာ အာဒါဂူလာကို ဗဟိုကွင်းလယ်လူနေရာဆီ ပို့ဆောင်ကစားစေဖို့ တိုက်တွန်းမှုတွေရှိပေမယ့် တူရကီကစားသမားရဲ့အသက်အရွယ်က ငယ်ရွယ်လွန်းနေပါတယ်။ လော့စ်ဘလန်ကိုတို့က ရီးရဲလ်ဆိုစီဒက်ကစားသမားဇူဘီမန်ဒီကို ခေါ်ယူဖို့ ခက်ခက်ခဲခဲကြိုးပမ်းခဲ့ပေမယ့် နောက်ဆုံးမှာတော့ စပိန်သားက အာဆင်နယ်ဆီပြောင်းရွှေ့ဖို့ကိုသာ ရွေးချယ်သွားခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်က တိုနီခရူးစ်နေရာမှာ အစားထိုးနိုင်မယ့် သင့်လျော်မှန်ကန်တဲ့ ကွင်းလယ်ကစားသမားကို ရှာဖွေနေပေမယ့် ရွေးချယ်နိုင်စရာတော့ ရှားပါးနေဆဲဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ ဘယ်သူက သင့်လျော်မှန်ကန်တဲ့ကွင်းလယ်ဗိုလ်ချုပ်တစ်ဦးဖြစ်လာနိုင်သလဲဆိုတာ အတိအကျသိနေနိုင်တဲ့ နည်းပြတစ်ဦးကို ပြောရမယ်ဆိုရင် အလွန်ဆိုကိုယ်တိုင်ပဲ ဖြစ်နေပါလိမ့်မယ်။ ရီးရဲလ်မက်ဒရစ်နည်းပြသစ်က ကလပ်အသင်းအတွက် လာလီဂါ ၁၅၈ ပွဲအထိ ပါဝင်ကစားပေးခဲ့ပြီး တိုနီခရူးစ်ထက်ရှေ့ကျတဲ့ စီနီယာကစားသမားတစ်ဦး ဖြစ်ခဲ့ပါတယ်။