The network connection is lost.

Banner Image

ဟာလန်းကိုအာရုံမစိုက်ဘဲ ကိုယ့်ကိုယ်ကိုယ်ပဲ အာရုံစိုက်ဖို့ အာဆင်နယ်ကစားသမားတွေကို အာတီတာသတိပေး

အာဆင်နယ်နည်းပြ မီခေးလ်အာတီတာက ယမန်နေ့ညက မန်ချက်စတာစီးတီးကို ၅-၁ နဲ့ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ပြိုင်ဘက်တိုက်စစ်မှူး အာလင်းဟာလန်းအား ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားလှောင်ပြောင်ခဲ့ကြတဲ့ အသင်းရဲ့ကစားသမားတွေကို ကိုယ့်ကိုယ်ကိုယ်သာအာရုံစိုက်ဖို့ သတိပေးစကားပြောကြားလာခဲ့ပါတယ်။ 

ယခုပွဲစဉ်မှာ အာဆင်နယ်ဟာ ပထမပိုင်းမှာ သွင်းဂိုး ၁ ဂိုးသာရရှိခဲ့ပေမယ့် ဒုတိယပိုင်းမှာထပ်ရခဲ့တဲ့ သွင်းဂိုး ၄ ဂိုးကြောင့် မန်စီးတီးကို အိမ်ကွင်းပရိသတ်တွေအရှေ့မှာ အပြတ်အသတ်ချေမှုန်းနိုင်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလက ပရီးမီးယားလိဂ်ပထမအကျော့ပွဲစဉ်မှာ မန်စီးတီးတိုက်စစ်မှူး အာလင်းဟာလန်းဟာ အာဆင်နယ်နောက်ခံလူ ဂါဘရီရယ်ရဲ့ခေါင်းကို ဘောလုံးနဲ့ပစ်ပေါက်ခဲ့သလို၊ ပွဲအပြီးမှာလည်း အာတီတာကို နှိမ့်နှိမ့်ချချနေဖို့ သတိပေးစကားပြောခဲ့ပါတယ်။ 

ဒါကြောင့် ယခုအခါမှာတော့ အာဆင်နယ်နောက်ခံလူ ဂါဘရီရယ်က ပထမပိုင်းအတွင်း ဦးဆောင်ဂိုးသွင်းယူပြီးနောက်မှာ ဟာလန်းရဲ့ရှေ့သို့သွားပြီး အော်ဟစ်အောင်ပွဲခံခဲ့ပါတယ်။ ဒါ့အပြင် အာဆင်နယ်နောက်ခံကစားသမားလေး လူးဝစ်စကယ်လီကလည်း အသင်းအတွက် တတိယသွင်းဂိုးကို သွင်းယူပြီးနောက်မှာ ဟာလန်းရဲ့အောင်ပွဲခံပုံစံနဲ့ အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။ 

ပွဲအပြီးမှာတော့ အာတီတာက “ကျွန်တော် အဲဒါတွေကို မမြင်လိုက်ပါဘူး။ ဒါကြောင့် ဒီအကြောင်းနဲ့ပတ်သက်ပြီး ဆွေးနွေးစရာမရှိပါဘူး။ ဒါပေမယ့် သူတို့ ကိုယ့်ကိုယ်ကိုယ်အာရုံစိုက်ဖို့လိုအပ်တယ်ဆိုတာ ပြောချင်ပါတယ်။ ဘာတွေဖြစ်ခဲ့ ဖြစ်ခဲ့ ကိုယ့်ကိုယ်ကိုယ်အာရုံစိုက်နိုင်ဖို့ကအရေးကြီးပါတယ်။ ဒီလိုအဖြစ်အပျက်တွေက ဘောလုံးကွင်းထဲမှာ ဖြစ်နေကျပါ။ ကြီးကျယ်တဲ့ကိစ္စမဟုတ်ပါဘူး” လို့ပြောကြားခဲ့ပါတယ်။ 

ဆက်လက်ပြီး အာတီတာက “စိတ်လှုပ်ရှားစရာပွဲစဉ်တစ်ပွဲပါ။ ဒီပွဲက ကျွန်တော်တို့ရဲ့ စတင်ပြောင်းလဲမယ့် အချိန်လည်းဖြစ်နိုင်ပါတယ်။ အသင်းရဲ့တုံ့ပြန်မှုက အတော်လေးကောင်းခဲ့ပြီး ကံကလည်း ကောင်းနေခဲ့ပါတယ်။ ပြီးတော့ အသင်းက ပိုကောင်းတဲ့အဆင့်တစ်ခုကိုရောက်သွားခဲ့ပြီး ပွဲကိုထိန်းချုပ်ကစားနိုင်ခဲ့ပါတယ်။ အရမ်းကောင်းတဲ့ နေ့တစ်နေ့ပါပဲ” လို့ပြောကြားခဲ့ပါတယ်။ 

အသင်းရဲ့တိုက်စစ်မှူး ဟာလန်း လှောင်ပြောင်ခံရမှုနဲ့ပတ်သက်ပြီး မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာကတော့ “ကျွန်တော်မမြင်လိုက်ပါဘူး။ ဒါပေမယ့် အဲဒီလိုလုပ်တာဆိုရင် ကောင်းပါတယ်။ သူက ဟာလန်းရဲ့အောင်ပွဲခံအမူအရာကို လုပ်ခဲ့တယ်ပေါ့။ အရမ်းကောင်းပါတယ်” လို့ပြောကြားခဲ့ပါတယ်။