The network connection is lost.

Banner Image

လက်စတာနဲ့ပွဲက စတာလင်ရဲ့စွမ်းဆောင်ရည်ကို ကာကွယ်ပြောကြားလိုက်တဲ့ အာတီတာ

လက်စတာကို ၂-၀ နဲ့အနိုင်ရပြီးနောက် အာဆင်နယ်နည်းပြ အာတီတာက စတာလင်ရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ကာကွယ်ပြောကြားလိုက်ကာ တစ်သင်းလုံးခက်ခဲခဲ့တာကြောင့် အခုထက်ပိုတိုးတက်အောင် ကြိုးစားရမယ်လို့ တိုက်တွန်းလိုက်ပါတယ်။ ဟာဗက်ဇ်ဒဏ်ရာရရှိခဲ့တာကြောင့် လက်စတာနဲ့ပွဲမှာ စတာလင်ဟာ နွမ်နီရီ ၊ ထရိုဆက်တို့နဲ့တွဲဖက်ကာ တောင်ပံနေရာမှာ ပါဝင်လာခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း စတာလင်တစ်ယောက် ပုံမှန်ခြေစွမ်းအောက်ရောက်နေခဲ့သလို ထိရောက်မှုမရှိခဲ့ပဲ သူ့နေရာမှာ အစားဝင်လာတဲ့ မာရီနိုကြောင့်သာ အာဆင်နယ်တို့ သက်သာရာရခဲ့တာဖြစ်ပါတယ်။ လူစားဝင်ကစားသမား မာရီနိုက false nine အနေနဲ့ ကစားခဲ့ပြီး နွမ်နီရီရဲ့ဖြတ်တင်ဘောကနေ ခေါင်းတိုက်ကာ ဦးဆောင်ဂိုးရယူပေးနိုင်ခဲ့ပါတယ်။ အဲ့နောက် အနိုင်သေချာစေမယ့်ဂိုးကို ထရိုဆက်ရဲ့ဖန်တီးပေးမှုကနေ ပိတ်သွင်းနိုင်ခဲ့ပါတယ်။ အဆိုပါရလဒ်ကြောင့် အာဆင်နယ်ဟာ လီဗာပူးအသင်း ဝုဗ်နဲ့မကန်ခင် ၄ မှတ်အကွာအနေအထားကို ရောက်ရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

“အရမ်းကိုမှ ခက်ခဲခဲ့ပါတယ်။ ပထမပိုင်းမှာ အထူးသဖြင့် ပထမပိုင်းမိနစ် ၂၀ ကနေ ၂၅ မိနစ်အတွင်းမှာ ကျွန်တော်တို့ ရုန်းကန်ခဲ့ရပါတယ်။ ဘာလို့လဲဆိုတော့ သာမန်အခြေခံလေးတွေမှာတောင် မှားနေခဲ့ပါတယ်။ ကျွန်တော်တို့ ပြိုင်ဘက်ဧရိယာထဲမှာ ခြိမ်းခြောက်နိုင်စွမ်းမရှိခဲ့ပါဘူး။ ဒုတိယပိုင်းကတော့ ခြားနားခဲ့ပြီး ကျွန်တော်တို့ ကောင်းလာခဲ့ပါတယ်။ သေချာတဲ့အခိုက်အတန့်တွေနဲ့အတူ ပြိုင်ဘက်ကို ဖိအားပေးလာနိုင်ပါတယ်။ စကယ်လီဆိုရင်လည်း ဂိုးပေးရနိုင်တဲ့အခွင့်အရေးကို ဟန့်တားနိုင်ခဲ့ပါတယ်။ အဲ့နောက် ကျွန်တော်တို့ ဂိုးရခဲ့ပါတယ်။ မီခေးလ်က တကယ်ကောင်းတဲ့ဂိုး ၂ ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။

လာမယ့်ဝက်စ်ဟမ်းနဲ့ပွဲမှာလည်း မီခေးလ်တစ်ယောက် တိုက်စစ်မှာ ပွဲဦးထွက်ပါဝင်လာမလားဆိုတဲ့အပေါ် အာတီတာက သေချာတဲ့အဖြေမပေးခဲ့တာဖြစ်ပါတယ်။ “ကျွန်တော်တို့ လုပ်ဆောင်နေတာတွေရှိပါတယ်။ ဟာဗက်ဇ်ဒဏ်ရာကြောင့် အဖြေရှာနေရပါတယ်။ မတူညီတဲ့အနေအထားတွေရှိလာနိုင်ပါတယ်။ ကစားသမားက စွမ်းဆောင်ရည်ကောင်းမပြနိုင်တာ ဒါမှမဟုတ် ပြိုင်ဘက်က တစ်ခုခုလုပ်ဆောင်နေတာ ၊ အဝါကတ် ဒါမှမဟုတ် မောပန်းတာတွေဖြစ်လာနိုင်ပါတယ်။ ကျွန်တော်တို့ လုပ်နိုင်တဲ့အကန့်အသတ်ရှိနေပါတယ်။ ဒါပေမယ့် မတူညီတဲ့အနေအထားတွေကနေ ပြင်ဆင်မှာပါ။ ဒီနေ့ မီခေးလ်လုပ်နိုင်ခဲ့သလို ဆက်လုပ်နိုင်ဖို့ မျှော်လင့်ပါတယ်”လို့ အာတီတာက ထပ်လောင်းပြောကြားခဲ့ပါတယ်။

မာရီနိုကလည်း အသင်းကို ကူညီပေးနိုင်ခဲ့လို့ ဝမ်းသာမိကြောင်း ပြောကြားခဲ့ပါတယ်။ “သူ(အာတီတာ)က ကျွန်တော့်ကို တိုက်စစ်အနေနဲ့ ကစားရမယ်လို့ ပြောခဲ့ပါတယ်။ ဒီမနက်ခင်းတုန်းကတောင် ကျွန်တော်တို့ စကားပြောဖြစ်ပါသေးတယ်။အရိုးသားဆုံးပြောရရင် အဲ့တာက အံ့အားသင့်စရာပါ။ ဘာလို့လဲဆိုတော့ ကျွန်တော့်ကစားသမားဘ၀ ပထမဆုံးအကြိမ်တိုက်စစ်မှူးအဖြစ် ကစားဖူးတာပါ။ ဒါပေမယ့် သူပြောသလို ကျွန်တော် လုပ်နိုင်ခဲ့တဲ့အတွက် ကံကောင်းခဲ့ပြီး အသင်းကို ကူညီနိုင်ခဲ့တယ်လို့ ထင်ပါတယ်”လို့ မာရီနိုက ပြောကြားခဲ့ပါတယ်။