The network connection is lost.

Banner Image

ဘောလုံးကစားသမားဘဝကို အင်တာမီယာမီမှာပဲ အဆုံးသတ်သွားမယ့် မက်ဆီ

အသက်-၃၆ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဘောလုံးလောကရဲ့အထွန်းတောက်ဆုံးကြယ်ပွင့် လီယွန်နယ်မက်ဆီဟာ သူ့ရဲ့ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘဝကို လက်ရှိကလပ် အင်တာမီယာမီမှာပဲ အဆုံးသတ်ဖို့မျှော်လင့်ထားတယ်လို့ ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။ ဒါကြောင့် ကမ္ဘာ့အကြီးကျယ်အခမ်းနားဆုံး ကစားသမားရဲ့ အဆုံးသတ်နေဝင်ချိန်ဟာ ဥရောပမှာမဟုတ်ဘဲ အမေရိကန်ရှိ မေဂျာလိဂ်ကလပ်တစ်ခုမှာဖြစ်ပေါ်လာတော့မှာ ဖြစ်ပါတယ်။ 
 
ကမ္ဘာ့ဖလားချန်ပီယံဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာ ပီအက်စ်ဂျီကနေ ထွက်ခွာလာခဲ့ပြီး အသင်းဟောင်းဘာစီလိုနာသို့ပြောင်းရွှေ့ဖို့ချိတ်ဆက်ခဲ့သော်လည်း အဆုံးမှာတော့ အင်တာမီယာမီသို့သာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ယခုအခါမှာတော့ အင်တာမီယာမီက သူ့အတွက်နောက်ဆုံးကလပ်ဖြစ်နိုင်သလားလို့ မေးမြန်းခဲ့ရာမှာ အာဂျင်တီးနားသားက “ဖြစ်နိုင်ပါတယ်။ ကျွန်တော်လည်းဒီလိုထင်ပါတယ်။ အခုချိန်မှာတော့ ဒီအသင်းက ကျွန်တော့်အတွက် နောက်ဆုံးအသင်းဖြစ်လိမ့်မယ်လို့ ထင်နေပါတယ်”လို့ပြန်လည် ဖြေကြားခဲ့ပါတယ်။
 
မက်ဆီအနေနဲ့ ဥရောပကိုစွန့်ခွာပြီး အင်တာမီယာမီသို့ ပြောင်းရွှေ့ခဲ့ခြင်းက အံ့အားသင့်စရာဖြစ်ခဲ့သော်လည်း ဘောလွန်းဒီအော် ၈ ဆုရှင်က ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ခဲ့တာက သူ့ရဲ့ဆုံးဖြတ်ချက်အပေါ်လွှမ်းမိုးမှုရှိခဲ့တယ်လို့ ဝန်ခံပြောကြားလာခဲ့ပါတယ်။
 
မက်ဆီက “ဥရောပကနေထွက်ခွာပြီး ဒီကိုလာဖို့ဆိုတာ ခက်ခဲတဲ့အရွှေ့အပြောင်းတစ်ခုပါ။ ကမ္ဘာ့ဖလားရခဲ့တဲ့နောက်ပိုင်းမှာတော့ အချို့ကိစ္စတွေကို မတူညီတဲ့အမြင်တွေနဲ့ မြင်မိလာပါတယ်။ ဒါပေမယ့် ကျွန်တော်အများကြီးမစဉ်းစားတော့ပါဘူး။ ကျွန်တော့်မှာရှိတဲ့အရာတွေနဲ့ပဲ ပျော်အောင်နေဖို့ကြိုးစားခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့်မှာ ဘောလုံးကစားဖို့ အချိန်သိပ်မကျန်တော့ဘူးလေ။ ဒါကြောင့် ရှိတဲ့အချိန်လေးကိုပဲ တတ်နိုင်သလောက်ပျော်အောင်နေရမယ်ဆိုတာ သတိပြုမိပါတယ်” လို့ ပြောကြားခဲ့ပါတယ်။