နှာခေါင်းအရိုးကျိုးဒဏ်ရာကြောင့် လက်ကျန်ပွဲစဉ်တွေမှာ မျက်နှာဖုံးတပ်ဆင်ကစားရမယ့် အမ်ဘာပေ
ဒီနေ့မနက်ပိုင်း၊ သြစတြီးယားအသင်းကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိတဲ့ ယူရို-၂၀၂၄ အုပ်စုအဖွင့်ပွဲစဉ်မှာ အသင်းကပ္ပတိန်အမ်ဘာပေ နှာခေါင်းအရိုးကျိုးဒဏ်ရာ ရရှိခဲ့တယ်လို့ ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ဘက်က အတည်ပြုထုတ်ပြန်လိုက်ပါတယ်။
အသက် -၂၅ နှစ်အရွယ် ကစားသမားက သာမန်ပွဲကစားချိန် ပြီးဆုံးခါနီး သြစတြီးယား နောက်ခံလူဒန်ဆိုနဲ့အပြိုင်ခေါင်းခုန်တိုက်ချိန် ပြိုင်ဘက်ရဲ့ပုခုံးကို သူ့ရဲ့မျက်နှာနဲ့ တိုက်မိခဲ့လို့ အခုလိုဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။ သိပ်မကြာခင်မှာပဲ အမ်ဘာပေကို လူစားလဲလှယ်ခဲ့ရပြီး သူ့ရဲ့ဒဏ်ရာအခြေအနေကို ဓါတ်မှန်ရိုက်စစ်ဆေးကြည့်ဖို့ လူနာတင်ကားတစ်စီးနဲ့ ကွင်းတွင်းမှထွက်ခွာသွားခဲ့ပါတယ်။
“ဒီနေ့မနက်ပိုင်း၊ သြစတြီးယားနဲ့ ပြင်သစ်တို့ ယှဉ်ပြိုင်ကစားတဲ့ ပွဲစဉ်ရဲ့ဒုတိယပိုင်း ပွဲချိန်အတွင်း အမ်ဘာပေ နှာခေါင်းအရိုးကျိုးဒဏ်ရာ ရရှိသွားခဲ့ပါတယ်။ အစောပိုင်းမှာ လက်ရွေးစင်အသင်းဆေးအဖွဲ့က ပြင်သစ်အသင်း ခေါင်းဆောင်ကို ဆေးကုသပေးခဲ့ပြီး နှာခေါင်းအရိုးကျိုးဒဏ်ရာလက္ခဏာကို တွေ့ရှိခဲ့ရပါတယ်။ ဒေသဆိုင်ရာဆေးရုံတစ်ခုမှာ ဓါတ်မှန်ရိုက်စစ်ဆေးလိုက်ချိန် နှာခေါင်းအရိုးကျိုးဒဏ်ရာ ရရှိခဲ့တယ်ဆိုတာကို အတည်ပြုနိုင်ခဲ့ပါတယ်။ အမ်ဘာပေကတော့ ပြင်သစ်လက်ရွေးစင်အသင်းလေ့ကျင့်ရေးကွင်းဆီ ပြန်လည် ထွက်ခွာသွားခဲ့ပါပြီ။ ဒဏ်ရာကိုခွဲစိတ်မှုချက်ချင်းပြုလုပ်သွားဖို့ မရှိသေးဘဲ လာမယ့်ရက်ပိုင်းတွေမှာ သူ့ကို ပုံမှန်ကုသမှုလုပ်ငန်းစဉ်တွေနဲ့ စောင့်ရှောက်ကုသပေးသွားရပါလိမ့်မယ်”လို့ ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြင်သစ်လက်ရွေးစင်အသင်းက လာမယ့်သောကြာနေ့မှာ နယ်သာလန် အသင်းနဲ့ ရင်ဆိုင်ကစားရဖို့ရှိနေပြီး အမ်ဘာပေပါဝင်ကစားနိုင်ပါ့မလား မသေချာသေးလို့ အသင်းအတွက် ထိုးနှက်ချက် ဖြစ်လာပါတယ်။
ပြင်သစ်ဘောလုံးအဖွဲ့ချုပ်က “ကုသမှုလုပ်ငန်းစဉ်တစ်ခုအပြီး အချိန်ကာလတစ်ခုမှာ ပြိုင်ပွဲဆီ ပြန်လာနိုင်ဖို့ ပြင်သစ်အသင်းကျောနံပါတ်-၁၀ အတွက် မျက်နှာဖုံးတစ်ခု ပြုလုပ်ပေးရပါလိမ့်မယ်”လို့ ဆိုပါတယ်။