ရော်နယ်ဒိုဆိုတာ တစ်ယောက်ပဲရှိလိမ့်မယ်လို့ ဆိုလာတဲ့ အမ်ဘာပေ
ယူရို ၂၀၂၄ ကွာတားဖိုင်နယ်အဆင့်မှာ ပေါ်တူဂီနဲ့ ပြင်သစ်တို့ ထိပ်တိုက်တွေ့ဆုံနေတာကြောင့် ပြင်သစ်စူပါစတား အမ်ဘာပေက ပေါ်တူဂီဂန္ထဝင်ကစားသမားရော်နယ်ဒိုနဲ့ ရင်ဆိုင်ရတာက ဂုဏ်ယူစရာဖြစ်တယ်လို့ပြောကြားခဲ့ပြီး သူ့ရဲ့စံထားရတဲ့ကစားသမားကို ချီးကျူးပြောဆိုမှုတွေပြုလုပ်လာခဲ့ပါတယ်။
ပေါ်တူဂီနဲ့ ပြင်သစ်တို့ဟာ ၂၀၁၆ ခုနှစ်က ယူရိုဗိုလ်လုပွဲမှာ ထိပ်တိုက်တွေ့ဆုံးခဲ့ဖူးကြပြီး ထိုစဉ်က ပေါ်တူဂီက ၁-၀ ဆိုတဲ့ ရလဒ်နဲ့ ပြင်သစ်ကို အနိုင်ရရှိကာ ဆုဖလားကို ပထမဆုံးအကြိမ် ဆွတ်ခူးခဲ့ဖူးပါတယ်။ လာမယ့် စနေနေ့မှာတော့ ဒီနှစ်သင်း ထိပ်တိုက်တွေ့ဆုံသွားမှာဖြစ်လို့ ပေါ်တူဂီကပဲ ထပ်မံအသာရသွားမလား ပြင်သစ်ကပဲ ရှုံးကြွေးဆပ်သွားနိုင်မလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။
ယခုနွေရာသီမှာ အမ်ဘာပေဟာ ပီအက်စ်ဂျီကနေ ထွက်ခွာပြီး ရော်နယ်ဒိုကစားခဲ့ဖူးတဲ့ ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ရီးရဲလ်မက်ဒရစ်မှာ ၂၀၀၉ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိနေထိုင်ခဲ့ပြီး စုစုပေါင်း ၄၃၈ ပွဲကစားကာ ဂိုး ၄၅၀ အထိ သွင်းယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ပေါ်တူဂီအသင်းခေါင်းဆောင်ဟာ ရီးရဲလ်မက်ဒရစ်နဲ့အတူ ချန်ပီယံလိဂ်ဖလား ၄ ကြိမ်နဲ့ လာလီဂါဖလား ၂ ကြိမ်တို့ကို ဆွတ်ခူးရရှိခဲ့ပါတယ်။
အသက်-၂၅ နှစ်အရွယ် အမ်ဘာပေအနေနဲ့ ဘာနေဗျူးမှာ ရော်နယ်ဒိုရရှိခဲ့တဲ့ အောင်မြင်မှုမျိုးကို ဆွတ်ခူးနိုင်ဖို့ မျှော်လင့်ထားပြီး ယခုအခါမှာတော့ ဘော်လွန်းဒီအော် ၅ ဆုရှင်နဲ့ ထိပ်တိုက်ရင်ဆိုင်သွားရမယ့်အပေါ် ဝမ်းသာမိကြောင်း ပြောကြားလာခဲ့ပါတယ်။
အမ်ဘာပေက “ရော်နယ်ဒိုနဲ့ရင်ဆိုင်ရတာ ကျွန်တော့်အတွက်ဂုဏ်ယူစရာပါ။ သူနဲ့သိရဖို့နဲ့ စကားပြောရဖို့ ကျွန်တော့်မှာအခွင့်အရေးတွေအများကြီးရှိခဲ့ပါတယ်။ ကျွန်တော်တို့ကြားမှာ အဆက်အသွယ်ရှိနေတုန်းပါ။ သူက ကျွန်တော့်ကို အမြဲတမ်း အကြံပေးနိုင်ဖို့ကြိုးစားနေပြီး အခုလို သူနဲ့ ပြိုင်ဆိုင်ရတာ ဂုဏ်ယူစရာပါပဲ။ အရင်တုန်းက ဘာတွေဖြစ်ခဲ့ဖြစ်ခဲ့၊ နောက်ပိုင်းမှာ ဘာတွေဖြစ်လာဖြစ်လာ သူကတော့ ဘောလုံးလောကရဲ့ဂန္ထဝင်ပါပဲ။ ဒါပေမယ့် ကျွန်တော်တို့အနေနဲ့ ပေါ်တူဂီကိုအနိုင်ယူပြီး ဆီမီးဖိုင်နယ်ကိုတက်လှမ်းနိုင်ဖို့ မျှော်လင့်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး အမ်ဘာပေက သူ့အနေနဲ့ ရော်နယ်ဒိုကို အတုယူဖို့ကြိုးစားသွားမှာမဟုတ်ဘဲ၊ ရော်နယ်ဒိုဆိုတာ တစ်ယောက်ပဲရှိကြောင်းနဲ့ ရီးရဲလ်မက်ဒရစ်မှာ ကိုယ့်ကိုယ်ပိုင်သမိုင်းကို ရေးထိုးသွားမယ်လို့ ပြောကြားလာခဲ့ပါတယ်။
ပြင်သစ်အသင်းခေါင်းဆောင်က “ရော်နယ်ဒိုဆိုတာ အမြဲတမ်းတစ်ယောက်ပဲရှိမှာပါ။ ကျွန်တော့်အနေနဲ့ ကျွန်တော့်ရဲ့အိပ်မက်အသင်း ရီးရဲလ်မက်ဒရစ်မှာ ကစားသမားတစ်ယောက်အဖြစ် ပါဝင်ခွင့်ရတာ ကြီးမားတဲ့အခွင့်အရေးပါပဲ။ ကျွန်တော့်ရဲ့သမိုင်းကို ဒီအသင်းမှာ ရေးထိုးသွားမှာပါ။ ဒါပေမယ့် ရော်နယ်ဒိုကျန်ခဲ့တဲ့ သမိုင်းကို ဆက်လက်ရေးထိုးဖို့ ကြိုးစားသွားမှာမဟုတ်ပါဘူး။ ရီးရဲလ်မက်ဒရစ်မှာ ရော်နယ်ဒိုလုပ်ပြထားခဲ့တာက ပြောင်မြောက်လွန်းပါတယ်” လို့ပြောကြားခဲ့ပါတယ်။