The network connection is lost.

Banner Image

ဒဏ်ရာရနေတဲ့ ဘရက်ဒ်လေကို ကွင်းထဲကနေ တွန်းထုတ်ခဲ့လို ဝေဖန်ခံနေရတဲ့ မာတင်နယ်လီ

အာဆင်နယ်တောင်ပံတိုက်စစ်ကစားသမား ဂါဘရီရယ်မာတင်နယ်လီဟာ သောကြာနေ့နံနက် လီဗာပူးကို ၀-၀ နဲ့သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပွဲကစားချိန်အတွင်း ဒဏ်ရာရနေခဲ့တဲ့ ပြိုင်ဘက်ကစားသမား ကော်နာဘရက်ဒ်လေကို ကွင်းထဲက ပြင်းပြင်းထန်ထန်တွန်းထုတ်ခဲ့လို့ ဝေဖန်မှုတွေနဲ့ကြုံတွေ့နေရပါတယ်။ 

အသက်-၂၂ နှစ်အရွယ် ဘရက်ဒ်လေဟာ ပြင်းပြင်းထန်ထန်ဒဏ်ရာရှိခဲ့တာဖြစ်ပြီး လူနာထမ်းစင်နဲ့ပါ သယ်ဆောင်သွားခဲ့ရတာဖြစ်ပါတယ်။ သို့သော်လည်း မာတင်နယ်လီက အချိန်ဆွဲဖို့ ဟန်ဆောင်လှဲချတယ်ဆိုပြီး ကွင်းပြင်ပကို တွန်းထုတ်ဖို့ကြိုးစားခဲ့တာဖြစ်ပါတယ်။

အဆိုပါ မာတင်နယ်လီရဲ့လုပ်ရပ်ကြောင့် လီဗာပူးကစားသမားတွေနဲ့ အာဆင်နယ်ကစားသမားတွေအကြား အနည်းငယ်အချင်းများမှုတွေဖြစ်ပွားခဲ့ပြီး ပွဲအပြီးမှာ ဘောလုံးဝေဖန်သုံးသပ်သူ ဂယ်ရီနဗီးလ်ကလည်း မာတင်နယ်လီကို ဝေဖန်ပြောဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။ 

နဗီးလ်က "ဒဏ်ရာရနေတဲ့ကစားသမားကို ကွင်းအပြင်ကို တွန်းထုတ်လို့မရပါဘူး။ ဒီလိုလုပ်တာမှားပါတယ်။ တကယ့်ငတုံးပါ။ ဒါပေမယ့် လီဗာပူးကစားသမားတွေ သူ့ကိုဘာလို့ ပြဿနာမရှာကြသလဲဆိုတာတော့ ကျွန်တော်တကယ် အံ့အားသင့်မိပါတယ်။ မာတင်နယ်လီအနေနဲ့ တောင်းပန်ဖို့လိုပါတယ်။ သူက ဘရက်ဒ်လေကို ဘောလုံးနဲ့တောင် ပစ်ပေါက်လိုက်ပါသေးတယ်"

"တစ်ဖက်မှာ ဘရက်ဒ်လေက ထမ်းစင်နဲ့ပါ သယ်ထုတ်နေရတဲ့အခြေအနေပါ။ ဒါက တကယ်ကိုစိတ်မကောင်းစရာပါ။ ဘရက်ဒ်လေက ဒဏ်ရာပြဿနာတွေနဲ့ အမြဲတမ်း ရုန်းကန်နေရတဲ့သူပါ။ ကျွန်တော်ကတော့ မာတင်နယ်လီကို တကယ်ပဲ ဒေါသထွက်ပါတယ်။ ရိုးရိုးသားသားပြောရရင် လီဗာပူးကစားသမားတွေ ကိုယ့်အသင်းဖော်ဒီလောက်အထိ ခံနေရတာကို ဘာမှမတုံ့ပြန်တာ အံ့ဩလို့မဆုံးပါဘူး။ ဒီလိုအခြေအနေမှာ အသင်းဖော်အတွက် အနီကတ်အထိခံပြီးတော့ကို လက်တုံ့ပြန်ရမှာပါ။ ဒါက တကယ်ကို ရှက်စရာကောင်းတဲ့လုပ်ရပ်ပါ" လို့ပြောကြားခဲ့ပါတယ်။