The network connection is lost.
အင်တာမီလန်အသင်းရဲ့ အမှုဆောင်ဒါရိုက်တာ ဘက်ပီမာရော့တာက မန်ချက်စတာယူနိုက်တက်၊ လီဗာပူးနဲ့ ဘာစီလိုနာတို့ရဲ့ပစ်မှတ်ဖြစ်နေတဲ့ နည်းပြ အင်ဇာဂီဟာ အသင်းမှာပဲဆက်လက်နေထိုင်လိုတယ်လို့ အခိုင်အမာပြောကြားလာခဲ့ပါတယ်။
ဒီရာသီ အီတလီစီးရီးအေပြိုင်ပွဲမှာ တစ်ပွဲသာရှုူံးနိမ့်ထားတဲ့ အင်တာမီလန်ဟာ အမှတ်ပေးဇယားကို ထိပ်ဆုံးကနေ ဦးဆောင်နေပြီး အင်ဇာဂီရဲ့လက်အောက်မှာ အကောင်းဆုံးပုံစံကို ပြသထားနိုင်တာဖြစ်ပါတယ်။ အင်တာမီလန်ဟာ ဒုတိယနေရာက ဂျူဗင်တပ်စ်ကို ၁၂ မှတ်အထိဖြတ်တောက်ထားနိုင်တာကြောင့် အသင်းနည်းပြ အီဇာဂီအနေနဲ့ လာမယ့်နွေရာသီမှာ ကလပ်အသင်းကြီးတွေရဲ့ ပစ်မှတ်အဖြစ် ပါဝင်လာခဲ့တာဖြစ်ပါတယ်။
လီဗာပူးနဲ့ ဘာစီလိုနာတို့ရဲ့ နည်းပြတွေဖြစ်တဲ့ ယာဂင်ကလော့ပ်နဲ့ ဇာဗီဟာနန်ဒက်စ်တို့ဟာ ရာသီကုန်မှာပဲ အသင်းကနေ ထွက်ခွာတော့မယ်လို့ ကြေညာထားတဲ့အပြင် ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ကလည်း အသင်းရဲ့ဆိုးရွားတဲ့ အနေအထားကြောင့် ထုတ်ပယ်ခံရဖို့ အလားအလာရှိနေတာဖြစ်ပါတယ်။ ဒါကြောင့် အင်ဇာဂီအနေနဲ့ အဆိုပါကလပ်အသင်းတွေရဲ့ပစ်မှတ်ထားခြင်းကို အဓိကခံနေရတာဖြစ်ပါတယ်။
သို့သော်လည်း ယခုအခါမှာတော့ အင်တာမီလန်ဒါရိုက်တာ မာရော့တာက အင်ဇာဂီကို စာချုပ်သစ်ချုပ်ဆိုဖို့ကမ်းလှမ်းထားကြောင်းကို “သူ့ကို စာချုပ်သက်တမ်းတိးဖို့ ကမ်းလှမ်းထားပါတယ်။ အခြေခံအားဖြင့်ပြောရမယ်ဆိုရင်တော့ အင်ဇာဂီက ကလပ်အသင်းပိုင်ရှင်၊ ပရိသတ်တွေရဲ့လေးစားမှုကို အပြည့်အဝရရှိထားတဲ့သူပါ။ ပြီးတော့ သူ့ရဲ့ကွင်းတွင်းကွင်းပြင်စွမ်းဆောင်ချက်တွေသာမက သူနဲ့အတူ ရရှိလာတဲ့ ရလဒ်တွေကိုပါ သဘောကျတာကြောင့် အလုပ်အတူတူဆက်လုပ်ချင်ပါတယ်” “သူ့ရဲ့စာချုပ်သက်တမ်းက ၂၀၂၅ မှာကုန်ဆုံးသွားမှာဖြစ်ပြီး ကျွန်တော်တို့အနေနဲ့ အချိန်မီသက်တမ်းတိုးနိုင်ဖို့ ပြင်ဆင်သွားမှာပါ။ သူကလည်း ကျွန်တော်တို့နဲ့အတူ ရှိနေချင်ပါတယ်။ ကျွန်တော်တို့ သူ့ကိုယုံကြည်တာကိုလည်း သူသဘောကျနေပါတယ်။ စာချုပ်စာတမ်းတွေက အပိုပါ။ သူကိုယ်တိုင်က အသင်းမှာဆက်နေချင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
လက်ရှိအချိန်မှာ အင်တာမီလန်ဟာ အကောင်းဆုံးပုံစံပြသထားနိုင်ပြီး တိုက်စစ်နဲ့ခံစစ် ဟန်ချက်ညီနေကာ ၂၆ ပွဲမှာ ၁၂ ဂိုးသာ ပေးထားရတာဖြစ်ပါတယ်။ ဒါ့အပြင် တိုက်စစ်ကလည်း ၄ ပွဲဆက်တိုက် ၄ ဂိုးအထိ သွင်းထားနိုင်တာကြောင့် အင်တာမီလန်အနေနဲ့ အင်ဇာဂီကို ဆက်လက်ထိန်းသိမ်းလိုနေတာက အံ့ဩစရာတော့မဟုတ်ပါဘူး။
လာမယ့်တနင်္လာနေ့မှာတော့ အင်တာမီလန်ဟာ ဂျီနိုအာကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အဆိုပါပွဲစဉ်အပြီးမှာတော့ ဘို့လော့ဂ်ကို အဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။