
ချဲလ်ဆီးရဲ့တိုးတက်မှု ကို သက်သေပြဖို့ ကွန်ဖရန့်လိဂ်ဆုဖလား အရယူလိုတဲ့ မာရက်စ်ကာ
ဒီည၊ ဘက်တစ်နဲ့ရင်ဆိုင်ရမယ့် ယူရိုပါကွန်ဖရန့်လိဂ်ဖိုင်နယ်က သမိုင်းသစ်ရေးထိုးဖို့၊ အောင်ပွဲရယူလိုမှုစိတ်ဓါတ်သွတ်သွင်းနိုင်ဖို့နဲ့ ထိပ်တန်းအဆင့်မျိုးမှာ သူ့ရဲ့အသင်းရှိနေတယ်ဆိုတာ သက်သေပြဖို့ အခွင့်အလမ်းတစ်ခုဖြစ်တယ်လို့ ချဲလ်ဆီးနည်းပြမာရက်စ်ကာက ပြောကြားခဲ့ပါတယ်။
ချဲလ်ဆီးက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ စတုတ္ထနေရာနဲ့ရာသီသိမ်းပြီး ချန်ပီယံလိဂ်ဝင်ခွင့် ရရှိခဲ့ပါတယ်။ သူတို့တွေက ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ဆုဖလားတို့ကို အောင်မြင်ခဲ့ဖူးလို့ ကွန်ဖရန့်လိဂ်ဟာ သူတို့အသင်းဦးစားပေးအဆင့်စာရင်းရဲ့ ဘယ်နေရာမှာရှိမလဲဆိုတဲ့ မေးခွန်းတွေလည်း မြင့်တက်လာခဲ့ပါတယ်။ အင်္ဂါနေ့၊ သတင်းစာရှင်းလင်းပွဲအတွင်း မာရက်စ်ကာက “ ကွန်ဖရန့်လိဂ်က အရေးကြီးပါတယ်။ ကျွန်တော်တို့အတွက်ဆိုရင် ရာသီအစမှာကတည်းက အလွန်အရေးပါခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒါက ကျွန်တော်တို့အသင်း ပါဝင်ယှဉ်ပြိုင်နေတဲ့ ဥရောပအဆင့်ပြိုင်ပွဲတစ်ခု ဖြစ်နေလို့ပါပဲ။
ပြီးတော့ ဒီဆုဖလားသာဆွတ်ခူးနိုင်မယ်ဆိုရင် ချဲလ်ဆီးက ဥရောပအဆင့်ပြိုင်ပွဲတိုင်းမှာ ဗိုလ်စွဲဖူးတဲ့ ဥရောပအခြေစိုက်ပထမဆုံးကလပ်အသင်းဖြစ်လာနိုင်လို့ပါပဲ။ အသင်းအတွင်းမှာ အောင်ပွဲရယူလိုမှုစိတ်ဓါတ်သွတ်သွင်းနိုင်ရေး ကြိုးပမ်းနေချိန်ဖြစ်လို့ ကျွန်တော်တို့သာ အနိုင်ရရှိမယ်ဆိုရင် အထောက်အကူတစ်ခု ဖြစ်လာပါလိမ့်မယ်”လို့ ပြောပါတယ်။
ဒါ့အပြင် မာရက်စ်ကာက သူတို့အသင်းတိုးတက်မှုကို အတည်ပြုပေးနိုင်ဖွယ်ရှိတဲ့ ဖိုင်နယ်အောင်ပွဲတစ်ခုနဲ့အတူ အခုဘောလုံးရာသီကို အောင်မြင်တဲ့ဘောလုံးရာသီတစ်ခုအဖြစ် သက်သေပြနိုင်လိမ့်မယ်လို့ ဆက်ပြောခဲ့ပါတယ်။ သူက “ ပွဲစဉ်တိုင်းကတော့ ကိုယ့်ရဲ့တိုးတက်မှုကို ပြသဖို့၊ ဆုဖလားတွေဆွတ်ခူးလိုတဲ့စိတ်ဓါတ်ပိုင်းကို ပြသဖို့ အခွင့်အလမ်းတစ်ရပ် ဖြစ်ပါတယ်။ ကျွန်တော်တို့က ပရီးမီးယားလိဂ်သမိုင်းတလျှောက် အသက်အငယ်ဆုံးလူစာရင်းစုဖွဲ့မှုတစ်ခုဖြစ်သလို ယောင်္ကျားတွေလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့မှာ လုံလောက်တဲ့ရင့်ကျက်မှုမျိုးရှိပြီး ယှဉ်ပြိုင်နိုင်စွမ်းလည်း ရှိပါတယ်”လို့ ပြောပါတယ်။
ချဲလ်ဆီးက ဗိုလ်လုပွဲအတွက် ပြင်ဆင်ဖို့ အချိန်နည်းပါးခဲ့ပေမဲ့ သူတို့ရဲ့အာရုံစူးစိုက်မှုကို ဘယ်တုန်းကမှ မလျော့ခဲ့ဘူးလို့ မာရက်စ်ကာက ရှင်းပြပါတယ်။ “ ပြီးခဲ့တဲ့ ၄၈ နာရီအတွင်း ရရှိလာတဲ့သတင်းစကားက ကျွန်တော်တို့တွေ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိခြင်းဖြင့် အရေးကြီးတဲ့အလုပ်တစ်ခုကို လုပ်ခဲ့ပြီးပြီဆိုတာပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့တွေက အရေးပါတဲ့ကလပ်အသင်းတစ်ခုဖြစ်နေပြီဆိုတာ အတည်ပြုချင်တယ်ဆိုရင် ပွဲစဉ်တွေကို အနိုင်ရရှိဖို့နဲ့ ဆုဖလားအနိုင်ရရှိဖို့ဆိုတဲ့ စိတ်ဓါတ်မျိုးပြသသွားဖို့ လိုအပ်ပါတယ်”လို့ သူက ဆက်ပြောပါတယ်။