ယူနိုက်တက်စတားကို စိတ်ဝင်စားနေတဲ့အကြောင်း ထုတ်ဖော်ပြောကြားလာတဲ့ မာရက်စ်ကာ
ချဲလ်ဆီးအသင်းနည်းပြ မာရက်စ်ကာက ယူနိုက်တက်စတား ဂါနာချိုကို စိတ်ဝင်စားတဲ့အကြောင်းနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အာဂျင်တိုင်းသားဟာ အခုဆောင်းဈေးကွက်မှာ ယူနိုက်တက်ကနေထွက်ခွာနိုင်ချေရှိနေပါတယ်။ ပြီးခဲ့တဲ့အပတ်တုန်းက ဂါနာချိုကို ချဲလ်ဆီးအသင်းက ပစ်မှတ်ထားလာကြောင်း အံ့အားသင့်ဖွယ် ထွက်ပေါ်လာခဲ့ပါတယ်။
ယူနိုက်တက်ဘက်က ဘဏ္ဍာရေးအခြေအနေအခက်အခဲမရှိတာကြောင့် သူတို့စတားကို အလျင်စလိုရောင်းချဖို့ မလိုအပ်ပဲ နာပိုလီအသင်းကတော့ အသည်းအသန်အလိုရှိနေပါတယ်။ ကွန်တီဟာ ကာဗာစခီလီယာနေရာအတွက် ဂါနာချိုနဲ့ အစားထိုးချင်နေပါတယ်။ ချဲလ်ဆီးဘက်ကလည်း ဂါနာချိုကိုခေါ်ယူဖို့ တိုးမြှင့်လုပ်ဆောင်လာတယ်လို့ သိရပြီး ဒီရာသီယူနိုက်တက်အတွက် အာဂျင်တိုင်းသားက ၈ ဂိုးသွင်း ၊ ၅ ဂိုးဖန်တီးထားပါတယ်။ ဒါပေမယ့် မန်စီးတီးနဲ့ပွဲမတိုင်ခင် အင်တာဗျူးမှာ မာရက်စ်ကာက တိုက်စစ်ကစားသမားတစ်ဦးထပ်မံခေါ်ယူမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။
“လက်ရှိအသင်းအနေအထားကို ကျေနပ်ပါတယ်။ ကျွန်တော်တို့မှာ နက်တို ၊ မာဒူကီ နဲ့ ဆန်ချိုတို့ရှိနေပါတယ်။ မူဒရစ်ခ်လည်းရှိနေပါတယ်။ ပြီးတော့ ဂျော့ဂျ်လည်း ရှိနေပါတယ်။ အသင်းတာဝန်ရှိသူတွေကတော့ အခုဆောင်းဈေးကွက်မှာ လုပ်ဆောင်နေပါတယ်။ တကယ်လို့ တစ်ခုခုထူးခြားရင် ကျွန်တော်ပြောပါမယ်။လာမယ့် ၁၀ ရက်အတွင်းမှာ ဘာမဆိုဖြစ်နိုင်တာကြောင့် ဆက်လက်စောင့်ကြည့်ရပါမယ်။
ဂါနာချိုက တကယ်လို့အသင်းပြောင်းဖြစ်ခဲ့ရင် နာပိုလီထက် ချဲလ်ဆီးအသင်းကိုသာ ဦးစားပေးပြောင်းဖွယ်ရှိနေပါတယ်။ အာမိုရင်လက်အောက်မှာ ပုံမှန်ပွဲထွက်ခွင့်မရသည့်တိုင် အာဂျင်တိုင်းသားက ယူနိုက်တက်ကနေ အလျင်စလိုထွက်ခွာဖွယ်မရှိတာဖြစ်ပါတယ်။ ဒါပေမယ့် အခြားတစ်ဖက်မှာလည်း ဂျာအိုဖီးလစ် နဲ့ အန်ကူကူတို့ အသင်းပြောင်းမယ်လို့ သတင်းကြီးနေပါတယ်။
၂ ဦးစလုံးဟာ မာရက်စ်ကာလက်အောက်မှာ ရုန်းကန်နေရပြီး ဖီးလစ်ကို အေစီမီလန်က ချိတ်ဆက်နေသလို အန်ကူကူကိုလည်း ဘိုင်ယန်က ချိတ်ဆက်နေပါတယ်။ မာရက်စ်ကာကတော့ သူတို့ ၂ ဦးစလုံးဟာ ချဲလ်ဆီးကစားသမားအဖြစ်ရှိနေဆဲဖြစ်ပြီး ဘယ်သူမှထွက်ခွာမှာမဟုတ်ဘူးလို့ ငြင်းဆန်ခဲ့ပါတယ်။
“ပွဲထွက်ခွင့် ကျွန်တော်ဆုံးဖြတ်တာပါ။ ကွင်းလယ်တိုက်စစ်ကစားသမားအများစုကို အသုံးပြုတာကြောင့် ဂျာအို နဲ့ ခရစ္စတိုတို့ ပွဲထွက်ခွင့်နည်းပါးနေတာပါ။ အဲ့လိုအနေအထားကြောင့် သူတို့ထွက်ခွာမယ်လို့ ကျွန်တော်မပြောပါဘူး”လို့ မာရက်စ်ကာက ထပ်လောင်းပြောကြားခဲ့ပါတယ်။