
အသင်းဖော်ဟောင်းမာနေးနဲ့ သူ့အကြားမှာ တင်းမာမှုအချို့ရှိခဲ့တယ်လို့ ဝန်ခံပြောဆိုလိုက်တဲ့ မိုဆာလက်
မိုဆာလက်က လီဗာပူးအသင်းဖော်ဟောင်းမာနေးနဲ့ သူ့အကြားမှာ အမြဲတမ်းအပြန်အလှန်လေးစားမှုရှိပေမယ့် သတင်းတွေထွက်ပေါ်ခဲ့သလိုပဲ နှစ်ဦးအကြား တင်းမာမှုအချို့လည်း ရှိခဲ့ပါတယ်လို့ အတိအလင်းဝန်ခံလိုက်ပါတယ်။ L'Equipe သတင်းဌာနနဲ့တွေ့ဆုံချိန် မိုဆာလက်က ယာဂန်ကလော့ပ်လက်အောက်မှာ သူနဲ့ မာနေးတို့ မရှိမဖြစ်မိတ်ဆွေသူငယ်ချင်းပုံစံမျိုး မဟုတ်ဘူးလို့ ဝန်ခံပေမယ့် သူတို့အချင်းချင်းအကြားဆက်ဆံရေးမှာ ပရော်ဖက်ရှင်နယ်ဆန်ခဲ့ပြီး အသင်းကိုလည်း မထိခိုက်စေဘူးလို့ အတိအလင်းပြောဆိုခဲ့ပါတယ်။
ဒီကစားသမားနှစ်ဦးအကြားမှာ တင်းမာမှုတွေရှိတယ်ဆိုတဲ့ သတင်းတွေလည်း အမြဲတမ်းလိုလို ထွက်ပေါ်ခဲ့ဖူးပါတယ်။ အထူးသဖြင့် ကလပ်သင်းရဲ့ပထမဆုံးအကြိမ်ပရီးမီးယားလိဂ်ချန်ပီယံဖြစ်လာမယ့် ၂၀၁၉-၂၀၂၀ ဘောလုံးရာသီအစောပိုင်း၊ ဘန်လေနဲ့ပွဲစဉ်မှာ အီဂျစ်ကြယ်ပွင့်ရဲ့ဆုံးဖြတ်ချက်တစ်ခုအပေါ် မာနေး ဒေါသအိုးပေါက်ကွဲပြီးနောက် တင်းမာမှုအချို့ရှိနေတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာခဲ့တာပါ။ ဒီကစားသမားနှစ်ဦးရဲ့ပရီးမီးယားလိဂ်သွင်းဂိုးက ၂၉၆ ဂိုးအထိ ရှိပြီး ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုရှင်အဖြစ်လည်း ပူးတွဲတစ်ကြိမ် ရပ်တည်ခဲ့ဖူးပါတယ်။ ဒါ့အပြင် သူတို့နှစ်ဦးက ဘရာဇီးသားဖာမီနိုနဲ့တွဲဖက်ပြီး အံ့အားသင့်ဖွယ် တိုက်စစ်အတွဲအဖက်တစ်ခုကိုလည်း တည်ဆောက်ပြခဲ့ပါတယ်။
မိုဆာလက်က “ အမှန်ပါပဲ။ ဆာဒီယိုမာနေးနဲ့ တင်းမာမှုတွေ ရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် နောက်ဆုံးအချိန်အထိ ကျွန်တော်တို့နှစ်ဦးအကြား ပရော်ဖက်ရှင်နယ်ဆန်ဆန် ရပ်တည်ခဲ့ကြတယ်ဆိုတာ ခင်ဗျားတို့သိထားပေးကြပါ။ ကျွန်တော်တို့နှစ်ဦးအကြား တင်းမာမှုက အသင်းအပေါ် သက်ရောက်မှုမရှိခဲ့ဘူးလို့ ထင်ပါတယ်။ ကွင်းပြင်ပမှာတော့ ကျွန်တော်တို့က အရမ်းရင်းနှီးတဲ့မိတ်ဆွေသူငယ်ချင်းတွေ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့အချင်းချင်းကြားမှာ အမြဲတမ်းလိုလို အပြန်အလှန်လေးစားမှု ရှိခဲ့ပါတယ်”လို့ ပြောပါတယ်။
အီဂျစ်သား တစ်ကိုယ်ကောင်းဆန်တယ်ဆိုတဲ့ မာနေးရဲ့အတွေးနဲ့ပတ်သက်လို့လည်း မိုဆာလက်က “ ကျွန်တော် ဂရုမစိုက်ပါဘူး။ လူတွေကတော့ တွေးချင်ရာတွေးကြတာပါပဲ။ ဒါ သူတို့အခွင့်အရေးပါ။ ဒါပေမယ့် မာနေးအတွက် ဂိုးဖန်တီးပေးမှုအများဆုံးကစားသမားက ကျွန်တော်ကိုယ်တိုင်ပဲဆိုတဲ့အချက်ကို သတိပြုမိကြဖို့လည်း ဖိတ်ခေါ်ချင်ပါတယ်။ နေ့ရက်တိုင်းမှာ ကိုယ်ဘာလုပ်ခဲ့တယ်ဆိုတာကို ကိုယ်တိုင်သိသလို ကျွန်တော့်ရဲ့အသိစိတ်ကလည်း ရှင်းရှင်းလင်းလင်းရှိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
ဒီကစားသမားနှစ်ဦးအကြား မကြာမီပြန်လည်တွေ့ဆုံရဖို့ မဖြစ်နိုင်သေးပေမယ့် မိုဆာလက်ကတော့ နောက်ထပ်ပရီးမီးယားလိဂ်ချန်ပီယံဆုကြီးကိုင်မြှောက်ရင်း ရာသီအလိုက်အကောင်းဆုံးကစားသမားဆုကို ရရှိဖို့အတွက် အလားအလာကောင်းတွေ ပိုင်ဆိုင်နေပါတယ်။ တဖက်မှာလည်း မာနေးက ဆော်ဒီပရိုလိဂ်အမှတ်ပေးဇယားအဆင့်-၄ နေရာမှာရှိနေတဲ့ အယ်လ်နာဆာအတွက် စီရော်နယ်ဒိုနဲ့အတူ တွဲဖက်ကစားနေပါတယ်။