The network connection is lost.

Banner Image

ရက်ရှ်ဖို့ဒ်ကို အက်စတွန်ဗီလာမှာ အစွမ်းကုန်ကူညီသွားမယ်လို့ ဆိုလိုက်တဲ့ အူနိုင်းအမ်မရီ

အက်စတွန်ဗီလာနည်းပြ အူနိုင်းအမ်မရီက ပြီးခဲ့တဲ့ဆောင်းရာသီဈေးကွက်မှာ ယူနိုက်တက်မှအငှားစာချုပ်နဲ့ ခေါ်ယူထားခဲ့တဲ့ တောင်ပံကစားသမားသစ် မားကပ်စ်ရက်ရှ်ဖို့ဒ်ကို ပုံမှန်ခြေစွမ်းကို ပြန်လည်ထိန်းသိမ်းနိုင်ဖို့ အသင်းမှာ အစွမ်းကုန်ကူညီသွားမယ်လို့ ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ 

ယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်နဲ့ အဆင်မပြေဖြစ်ခဲ့တဲ့ ရက်ရှ်ဖို့ဒ်ဟာ လူစာရင်းကနေ ၇ ကြိမ်တိုင်တိုင်ချန်လှပ်ခံခဲ့ရပြီးနောက်မှာတော့ အိုးလ်ထရက်ဖို့ဒ်မှထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ပြီး ဗီလာပါ့ခ်သို့ အငှားစာချုပ်နဲ့ပြောင်းရွှေ့ခဲ့ပါတယ်။ အက်စတွန်ဗီလာအနေနဲ့ အင်္ဂလန်သားကို ၆ လသက်တမ်းရှိအငှားစာချုပ်နဲ့ခေါ်ယူခဲ့ပေမယ့် စာချုပ်ပါသဘောတူညီချက်အရ နွေရာသီအပြောင်းအရွှေ့ကာလမှာတော့ ကစားသမားကို အပြီးသတ်ဝယ်ယူခွင့် ရရှိသွားမှာမဟုတ်ဘူးလို့ သိရပါတယ်။
 
ယခုအခါမှာ အူနိုင်းအမ်မရီက ရက်ရှ်ဖို့ဒ်အနေနဲ့ ယူနိုက်တက်မှာ ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ သူ့အတွက်ပြဿနာမရှိကြောင်းနဲ့ အခုလို အသင်းသို့ခေါ်ယူခွင့်ရခဲ့လို့ ကျေနပ်မိကြောင်းပြောကြားလာခဲ့ပါတယ်။ ဒါ့အပြင် အမ်မရီက ထိပ်တန်းကစားသမားကို အသင်းမှာကိုင်တွယ်သွားရမှာဖြစ်လို့ သူ့အတွက် ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်တယ်လို့လည်းဆိုပါတယ်။ 

အမ်မရီက “သူ့ကိုကိုင်တွယ်ရမှာ ကျွန်တော့်အတွက်တော့ ကြီးမားတဲ့စိန်ခေါ်မှုတစ်ခုပါပဲ။ စိတ်လှုပ်ရှားဖို့ကောင်းပါတယ်။ သူဘာကြောင့် မန်ချက်စတာယူနိုက်တက်ကနေ ထွက်ခွာခဲ့သလဲဆိုတာာ ကျွန်တော်မသိချင်ပါဘူး။ ဒါပေမယ့် သူ့ကိုခေါ်ယူနိုင်ခဲ့လို့ ကျွန်တော်အရမ်းကျေနပ်ပါတယ်။ သူ့ရဲ့ပုံမှန်စွမ်းဆောင်ရည်ကို ပြန်လည်ရရှိဖို့ ကျွန်တော်တတ်နိုင်သလောက်ကူညီသွားပါမယ်။ သူနဲ့စကားပြောပြီးပါပြီ။ ကျွန်တော်တို့ပြောခဲ့တဲ့ပုံစံက သာမန်နည်းပြတစ်ယောက်နဲ့ သာမန်ကစားသမားတစ်ယောက်ပြောခဲ့သလိုပါပဲ။ ထူးထူးခြားခြားမရှိပါဘူး။ သူ့မှာကြီးမားတဲ့ အလားအလာရှိပါတယ်” လို့ပြောကြားခဲ့ပါတယ်။ 

လာမယ့်တနင်္ဂနွေနေ့မှာတော့ အက်စတွန်ဗီလာဟာ အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲစဉ်အဖြစ် တော့တင်ဟမ်နဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ရက်ရှ်ဖို့ဒ်အနေနဲ့ အသင်းသစ်အတွက် စတင်ပွဲထွက်ကစားသွားနိုင်မလား စောင့်ကြည့်ရပါမယ်။