ဒေါ့မွန်ကစားသမားဘဝ နောက်ဆုံးပွဲမှာ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးလိုတယ်လို့ ဖွင့်ဟလာတဲ့ မာကိုရူးစ်
ယနေ့မှာပဲ အသက်-၃၅ နှစ် ပြည့်ခဲ့ပြီဖြစ်တဲ့ ဒေါ့မွန်ရဲ့ဝါရင့်ကွင်းလယ်လူ မာကိုရူးစ်က ၁၂ ကြာ နေထိုင်ခဲ့တဲ့ အသင်းကနေ ထွက်ခွာမယ်လို့ကြေညာထားခဲ့ပြီဖြစ်တာကြောင့် နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အနိုင်ရပြီး ဆုဖလားကို ဆွတ်ခူးလိုတယ်လို့ ဖွင့်ဟပြောကြားလာခဲ့ပါတယ်။
ဂျာမန်သားက “ဒေါ့မွန်ကစားသမားဘဝ နောက်ဆုံးပွဲစဉ်ကို ချန်ပီယံလိဂ်ဗိုလ်လုပွဲကစားပြီး ဆုဖလားကို ဆွတ်ခူးရတာထက် ပိုကောင်းတဲ့ အရာရှိမယ်လို့ ကျွန်တော်မထင်ပါဘူး။ ၂၀၁၃ ခုနှစ် ဝင်ဘာလေမှာတုန်းက မရခဲ့တဲ့ချန်ပီယံလိဂ်ဖလားကို ၂၀၂၄ ခုနှစ် ဝင်ဘာလေကွင်းမှာတော့ အဆုံးသတ်နိုင်မယ်လို့ထင်ပါတယ်။ ကျွန်တော်တို့ အသင်းရဲ့နောက်ဆုံးချန်ပီယံလိဂ်ဗိုလ်လုပွဲက ၁၁ နှစ်တောင်ကြာသွားခဲ့ပြီဖြစ်ပြီး အခုချိန်မှာတော့ အသင်းရဲ့လူစာရင်းမှာ မတူညီတဲ့ ကစားသမားတွေနဲ့ ယှဉ်ပြိုင်သွားရမှာပါ။ ဒီတော့ ဒီတစ်ခေါက်ပွဲစဉ်က လက်စားချေတာမျိုး မဟုတ်ဘဲ မတူညီတဲ့ ရည်ရွယ်ချက်တွေရှိနေပါတယ်။ ကျွန်တော်တို့ကတော့ ဒီပွဲပြီးရင် ဘယ်လိုတွေဖြစ်လာမလဲ သိနေလို့ ဒီဖလားကိုဆွတ်ခူးနိုင်ဖို့ပဲ အာရုံစိုက်နေပါတယ်။ မိနစ် ၉၀ ဒါမှမဟုတ် မိနစ် ၁၂၀ အတွင်းမှာ အဖြေသိရတော့မှာပါ”လို့ ပြောကြားခဲ့ပါတယ်။
ဒေါ့မွန်ဟာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်မှာ ပြင်သစ်ချန်ပီယံ ပီအက်စ်ဂျီကို ၂ ကျော့စလုံးအနိုင်ယူပြီး ဗိုလ်လုပွဲသို့တက်လှမ်းလာနိုင်ခဲ့တာကြောင့် အထင်ကြီးလောက်စရာခြေစွမ်းမျိုးကို ပိုင်ဆိုင်ထားတယ်လို့ဆိုရမှာဖြစ်ပါတယ်။ ဒါ့အပြင် ဒေါ့မွန်ဟာ အမ်ဘာပေဦးဆောင်တဲ့ ပီအက်စ်ဂျီတိုက်စစ်ကို ဂိုးမပေးခဲ့ရဘဲ ၂ ကျော့ပေါင်း ၂-၀ ဆိုတဲ့ရလဒ်ကို ပုံဖော်နိုင်ခဲ့တာဖြစ်ပါတယ်။ မာကိုရူးစ်အနေနဲ့လည်း လာမယ့်ရီးရဲလ်မက်ဒရစ်နဲ့ပွဲစဉ်ကို သေချာပေါက်အနိုင်ယူပြီး ဒေါ့မွန်ကနေ အနိုင်နဲ့ထွက်ခွာနိုင်ဖို့ စိတ်အားထက်သန်နေပါတယ်။
မာကိုရူးစ်အနေနဲ့ ဒေါ့မွန်ကနေ ထွက်ခွာတော့မှာဖြစ်တာကြောင့် အနာဂတ်နဲ့ပတ်သက်ပြီး ထင်ကြေးပေးမှုတွေမြင့်တက်နေကာ မေဂျာလိဂ်ကလပ်တွေက စိတ်ဝင်စားနေကြတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဆော်ဒီပရိုလိဂ်ကလပ်တွေကလည်း ဂျာမန်သားကိုခေါ်ယူဖို့ ကမ်းလှမ်းမှုတွေပြုလုပ်လာဖွယ်ရှိနေပါတယ်။
လာမယ့် ဇွန်လ ၁ ရက်နေ့မှာတော့ ဒေါ့မွန်အနေနဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အသင်းရဲ့ဂန္ထဝင်ကစားသမားအတွက် ဂန္ထဝင်ဆုဖလားကို ဆွတ်ခူးပေးနိုင်မလား စောင့်ကြည့်သွားရပါမယ်။