ပြိုင်ဘက်ပရီးမီးယားလိဂ်ကလပ်တွေထံ ပြောင်းရွှေ့ခွင့်ပိတ်ပင်ခံထားရတဲ့ ရက်ရှ်ဖို့ဒ်
မန်ချက်စတာယူနိုက်တက်ဟာ ယခုဇန်နဝါရီအပြောင်းအရွှေ့ကာလမှာပဲ အသင်းကနေ ထွက်ခွာဖွယ်ရှိနေတဲ့ တောင်ပံကြယ်ပွင့်ကစားသမား မားကပ်စ်ရက်ရှ်ဖို့ဒ်ကို ပြိုင်ဘက် ပရီးမီးယားလိဂ်ကလပ်တွေထံ ပြောင်းရွှေ့ခွင့် ပိတ်ပင်ထားတယ်လို့ သတင်းတွေက ဖော်ပြလာခဲ့ပါတယ်။
ရက်ရှ်ဖို့ဒ်အနေနဲ့ ယူနိုက်တက်ကနေထွက်ခွာပြီး စိန်ခေါ်မှုအသစ်နဲ့ကြုံတွေ့ဖို့ အဆင်သင့်ရှိနေကြောင်း တရားဝင်ထုတ်ဖော်ပြောကြားထားသလို ပြီးခဲ့တဲ့အပတ်က သူ့ရဲ့အစ်ကိုနဲ့ အေးဂျင့်တို့ဟာ အီတလီသို့ထွက်ခွာသွားပြီး အပြောင်းအရွှေ့ကိစ္စအတွက် အေစီမီလန်နဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
အင်္ဂလန်သားကို အေစီမီလန်သာကမက ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ အာဆင်နယ်၊ တော့တင်ဟမ်နဲ့ ဝက်စ်ဟမ်းတို့ကလည်း ချိတ်ဆက်မှုတွေပြုလုပ်ထားတယ်လို့ သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။ သို့သော်လည်း ယူနိုက်တက်ရဲ့ရှယ်ယာရှင် ဆာဂျင်မ်ရက်ကလစ်ဖ်နဲ့ အကြီးတန်အရာရှိတွေကတော့ ရက်ရှ်ဖို့ဒ်ကို ပြိုင်ဘက်ပရီးမီးယားလိဂ်ကလပ်တွေထံ ပြောင်းရွှေ့ဖို့ ခွင့်ပြုသွားမှာမဟုတ်ဘူးလို့သိရပါတယ်။
ယူနိုက်တက်အနေနဲ့ ပရီးမီးယားလိဂ်ပြင်ပ ကလပ်တွေနဲ့တော့ အပြောင်းအရွှေ့ကိစ္စအတွက် ဆွေးနွေးသွားဖို့ အဆင်သင့်ရှိနေပြီး ကစားသမားကို အငှားစာချုပ်နဲ့လည်း ထွက်ခွာခွင့်ပြုဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့က အသက်-၂၇ နှစ်အရွယ်ကစားသမားရဲ့ အပြောင်းအရွှေ့အခြေအနေနဲ့ ပတ်သက်ပြီး မေးမြန်းမှုပြုလုပ်ခဲ့ရာမှာ နည်းပြ ရူဘင်အာမိုရင်က “ကျွန်တော် မနက်ဖြန်ပွဲမှာနိုင်ချင်ပါတယ်။ ဒါကြောင့် အဲဒီပွဲအတွက်ပဲ အပြည့်အဝအာရုံစိုက်ထားပါတယ်။ မနက်ဖြန်ပွဲအတွက် အကောင်းဆုံးဖြစ်မယ်လို့ ယူဆရတဲ့ ကစားသမားတွေကိုပဲ ရွေးချယ်သွားမှာပါ။ လောလောဆယ်မှာတော့ ကျွန်တော့်ရဲ့အာရုံက ဒီပွဲမှာပဲရှိနေပါတယ်” လို့ပြန်လည်ဖြေကြားခဲ့ပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က အာဆင်နယ်ကိုအနိုင်ရခဲ့တဲ့ အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်အပါအဝင် ယူနိုက်တက်ရဲ့ ပြိုင်ပွဲစုံ နောက်ဆုံး ၇ ပွဲကို လွဲချော်ထားခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ကစားသမားအနေနဲ့ အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာဖို့စိတ်အားထက်သန်နေတာကြောင့် မကြာမီမှာပဲ အပြောင်းအရွှေ့တစ်ခုကို မြင်တွေ့ရဖို့ အလားအလာများနေပါတယ်။